Myanmar Platform

မိုးရာသီမှာ သတိထားရမယ့် မိုးကြိုးပစ်ခြင်းအန္တရာယ်

Shwe Yee 2019-06-12 172

မိုးရာသီရောက်ပြီဆိုတာနဲ့ သတိထားသင့်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ တစ်ခုကတော့ မိုးကြိုးပစ်ခြင်းအန္တရာယ်ပါ။

အခုနှစ် မိုးရာသီမှာ လေထုမတည်မငြိမ်ဖြစ်စဉ် တွေကြောင့် မိုးကြိုးပစ်မှု မကြာခဏ ဖြစ်ပေါ်နေပြီး နွေကာလစတင်တဲ့ ဖေဖော်ဝါရီကနေ ဇွန်လ ၁၀ ရက် အထိ မိုးကြိုးကြောင့် လူ  ၅၀ ဦးခန့် သေဆုံးခဲ့ရတယ်လို့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

 ဇွန်လ ၉ ရက်က ဒေသလေးခုမှာ မိုးကြိုးထိမှန်ပြီး လူလေးဦး နဲ့  ကျွဲ ၁၂ ကောင် သေဆုံးခဲ့ပါတယ်။ လေထုမတည်မငြိမ် ဖြစ်ရပ်ကြောင့် မိုးတိမ်တောင်အန္တ ရာယ် ဆက်လက်ကြီးမားနေတယ်လို့ မိုးလေပညာရှင် ဦးထွန်းလွင်ကပြောထားပါတယ်။

လေထုမတည်မငြိမ် အများဆုံးဖြစ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း နဲ့ ရခိုင်ပြည်နယ်မှာ ဇွန်လ ၉ ရက် ညနေက မိုး ကြိုးပစ်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့မှာတော့ မိုးကြိုးပစ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသား သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။အလားတူ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ မှာလည်း  မိုးကြိုးပစ်မှုကြောင့် အမျိုးသား တစ်ဦး နဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာလည်း လယ်ကွင်းအတွင်း လွှတ်ထားတဲ့ ကျွဲ ၁၂ ကောင် မိုးကြိုး ထိမှန်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

လက်ရှိကာလမှာ မြန်မာတစ်နိုင်ငံလုံးမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း ၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း စတဲ့နေရာတွေမှာ အလားအလာ ပိုများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

မိုးကြိုးတွေဘာကြောင့်ပစ်လဲဆိုတော့ လျှပ်စစ်ဓာတ်သယ်ဆောင်ထားတဲ့ မိုးတိမ်တောင်တိမ်တိုက်တစ်ခုကြောင့်  လျှပ်စစ်စီးကြောင်းစီးကူးရာကနေ လျှပ်စစ်စီးကြောင်း ဖြစ်ပေါ်စေတဲ့ ဖြစ်ရပ်ကိုခေါ်ဆိုတာ ဖြစ်ပါတယ်။ 


မိုးကြိုးပစ်ခြင်းဆိုရာဝယ်

မိုးကြိုးပစ်ခြင်း သုံးမျိုးရှိပါတယ်။

တိမ်တိုက်တစ်ခုတည်းအတွင်း တိမ်ရဲ့ထိပ်နဲ့ အောက်ခြေအကြား လျပ်စစ်စီးကူးခြင်း၊ တိမ်တိုက်တစ်ခု နဲ့ နောက်တိမ်တိုက်တစ်ခုတို့အကြားလျှပ်စစ်စီးကူးခြင်းနဲ့ တိမ်တိုက်တစ်ခုနဲ့မြေပြင်တို့အကြား လျှပ်စစ်စီးကူးခြင်းတို့ဖြစ်ပါတယ်။

အများစုကတော့ တိမ်တိုက်နဲ့ မြေပြင်ပေါ်ရှိ အရာဝတ္ထုတစ်ခုခုတို့အကြားလျှပ်စစ်စီးကူးခြင်းကို မိုးကြိုးပစ်ခြင်း လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၇၈ ခုနှစ်နောက်ပိုင်းက စတင်ပြီး မုတ်သုံလေအ၀င်နောက်ကျပြီး အထွက် စောလာခဲ့တဲ့အတွက် မိုးရာသီကာလတိုတောင်းလာပြီး မိုးကြို နဲ့ မိုးလွန်ကာလတွေ ရှည်လျားလာခဲ့ပါတယ်။ မိုးကြို နဲ့မိုးလွန်ကာလတွေမှာ မိုးတိမ်တောင်တွေ ဖြစ်လေ့ ရှိတဲ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်မှုအကြိမ် အ ရေအတွက်တွေတိုးလာပြီး မိုးကြိုးပစ်မှု၊ လေပြင်းတိုက်ခတ်မှု၊ မိုးသီးကြွေကျမှု၊ မိုးသည်းထန်မှုတွေ တိုးလာစေခဲ့ပါတယ်။


အန္တရာယ်ကို ဘယ်လိုရှောင်မယ်

မိုးကြိုးပစ်တာကို အများဆုံးခံရတဲ့ သူတွေကတော့ လယ်ကွင်းပြင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့သူတွေပဲ ဖြစ်လို့ ကျေးလက်နေသူတွေက ဒီအန္တရာယ်ကို ပိုမိုကြုံတွေ့ရပါတယ်။ မိုးကြိုးပစ်ခြင်းအန္တရာယ်ဟာ မိမိနဲ့ မိုးတိမ်တောင်တို့ရဲ့အကွာ အ ဝေး အ ပေါ်မှာ မူတည်လေ့ရှိပါတယ်။ ပိုနီးလေ အန္တရာယ်ပိုကြီးလေဖြစ်ပါတယ်။ 

ဒါကြောင့်  မိုးတိမ်တောင်အကွာအဝေးကို ခန့်မှန်းသိရှိဖို့လိုအပ်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်း က တော့ လျှပ်စီးလက်တာကို စတင်မြင်ရတဲ့ အချိန်ကိုမှတ်သားထားပါ။ အဲဒီနောက်ကနေ ကပ်လျက်လိုက်လာတဲ့ မိုးခြိမ်းသံကြားရချိန်ကို မှတ်သားပါ။ အဆိုပါအချိန်နှစ်ခုရဲ့ ခြားနားချက်ကို စက္ကန့်နဲ့ ရှာပါ။ ရရှိတဲ့ အချိန် ကွာခြားချက်(စက္ကန့်)ကို ၅ နဲ့ စားပါ။ 

အဲဒီကရရှိတဲ့ ရလဒ်ဟာ မိမိ နဲ့ မိုးတိမ်တောင်တို့ရဲ့အကွာ အဝေးဖြစ်ပါတယ်။ ဥပမာ-လျှပ်စီးလက်ပြီးနောက် မိုးခြိမ်းသံကို (၁၀)စက္ကန့်အကြာမှာ ကြားရပါက မိမိနဲ့မိုးတိမ်တောင်အကွာအဝေးက ၁၀/၅ = ၂ မိုင် ဖြစ်ပါတယ်။ 

မိုးကြိုးပစ်ခံရခြင်းအန္တရာယ်ကနေ ကာကွယ်ဖို့ ဆိုရင် အပြင်မှာ ရောက်ရှိနေပါက ကောင်းကင်ကို အမြဲမပြတ် လေ့လာအကဲခတ်နေပါ။ မိုးခြိမ်းသံကြားရပြီဆိုပါက လုံခြုံရာနေရာတစ်ခုကို ရှာဖွေခိုလှုံဖို့  မိုးလေဝသပညာရှင် တွေက အကြံပြုကြပါတယ်။

အကောင်းဆုံးခိုလှုံလို့ ရမယ့် နေရာတွေကတော့ ခိုင်ခံ့တဲ့အဆောက်အဦ၊ မော်တော်ယာဉ် အတွင်းမှာ ခိုလှုံတာ ဖြစ်ပါတယ်။မော်တော်ယာဉ်တံခါး ကို သေသေချာချာ ပိတ်ထားဖို့ လည်း လိုအပ်ပါတယ်။ သတိထားရမှာ တစ်ခုကတော့ သေးငယ်တဲ့ အဆောက်အဦးတွေ ဖြစ်တဲ့ နွားတင်းကုတ်၊ ဂိုဒေါင်အငယ်စား၊ ဘေ့စ်ဘောကွင်း၊ အပြင်မှာ ချထားတဲ့ ခုံရှည် စတာတွေကို ရှောင်ရှားပါ။ 

တကယ်လို့ ပတ်ဝန်းကျင်မှာ ခိုလှုံစရာမရှိပါက သစ်ပင်တွေနဲ့ ဝေးတဲ့နေရာမှာနေထိုင်ပါ။ ဟင်းလင်းပြင် မှာဆိုရင် သစ်ပင်ရဲ့အမြင့်ထက်နှစ်ဆခန့်ဝေးတဲ့နေရာမှာ ခြေကိုစုပြီး ထိုင်ချပါ။ လက်တွေနဲ့  နားနှစ်ဖက်ကိုပိတ်ထားတဲ့အတွက် မိုးခြိမ်းသံအန္တရာယ်ကို လျော့ပါးစေနိုင်ပါတယ်။ 

လူအုပ်စုလိုက်ဖြစ်နေရင် တစ်ဦးနဲ့တစ်ဦး အနည်းဆုံး (၁၅)ပေအကွာမှာ ခွာနေဖို့ လိုအပ်ပါတယ်။ ရေ နဲ့ ဝေးတဲ့နေရာမှာနေပါ။ရေဟာ လျှပ်စစ် အလွယ်တကူ  စီးကူးနိုင်တဲ့ လျပ်ကူးပစ္စည်းဖြစ်ပါတယ် ။ ရေကူးတာ၊ရေထဲဖြတ်လျှောက်တာ၊ရေကူးဝတ်စုံနဲ့ ရေငုပ်တာ၊ ရေလွှာလျှောစီးတာ စတဲ့အရာတွေ မပြုလုပ်သင့်ပါဘူး။

ဒါ့အပြင် သတ္ထုပစ္စည်းတွေ ပါဝင်တဲ့ အ၀တ်လှမ်းကြိုးတွေ၊ ခြံစည်းရိုးတွေနဲ့ ဝေးဝေးနေပါ။ အိမ်ထဲမှာ ရောက်နေတယ်ဆိုရင်လည်း ရေကို ရှောင်ဖို့ လိုအပ်ပါတယ်။ ရေချိုးတာ၊ လက်ဆေးတာ၊ ပန်းကန်တွေ ဆေးကြောတာ၊ အ၀တ်လျှော်တာအပြင် လိုင်းကြိုးဖုန်းတွေကို သုံးတာလည်း ရှောင်ရှားသင့်ပါ တယ်လို့ မိုးလေဝသပညာရှင်တွေက အကြံပြုတိုက်တွန်းထားပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ မိုးရာသီမှာ မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးရမယ့် အန္တရာယ်ရှိနေပါတယ်။ အထူးသဖြင့်တော့ အထက်မှာဖော်ပြခဲ့သလို မိုးကြိုးအန္တရာယ်ကို ရှောင်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို သိရှိလိုက်နာမယ်ဆိုရင် မိုးကြိုးအန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 


comments

There is no comment

Publish reply