Myanmar Platform

လမ်းစည်းကမ်းချိုးဖောက်သူကြောင့် ပေးဆပ်လိုက်ရသောအနာဂတ်များ

Shwe Yee 2019-06-12 1038

ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖျာပုံ - ကျိုက်လတ် လမ်းမကြီးမှာရှိတဲ့ တံတားမှာ ဓာတ်တိုင်တွေတင်ပြီး   ရပ်ထားတဲ့ဆယ်ဘီးကားရဲ့ နောက်မှာ အိမ်စီး မစ်ဆူဘီရှီ ချရစ်ရောကားတစ်စီဟာ ဓာတ်တိုင်တွေနဲ့ ပိနေမိနေပြီး ကားတစ်စီးလုံးမှာ တွန့်ကျေနေတဲ့ပုံတွေဟာ လူမှုကွန်ရပ်မှာ ပျံ့နှံ့လာပြီး မြင်ရသူရဲ့စိတ်ကို မသက်မသာဖြစ်စေသလို ယာဉ်စည်းကမ်းလမ်းစည်းနဲ့ ပတ်သက်ပြီးတော့ တစ်ဖန် ဆွေးနွေးငြင်းခုန်မှုတွေဖြစ်ပေါ်လာပါတယ်။

ရပ်နားထားတဲ့  ၁၀ဘီးယာဉ်က ကျေးရွာမီးလင်းရေးမှာ အသုံးပြုမယ့် ဓါတ်တိုင်တွေ တင်ဆောင်လာပြီး ရန်ကုန်ကနေ ဖျာပုံကို လာခဲ့တဲ့လမ်းမှာ ရပ်ထားနေတုန်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။အိမ်စီး ကားပေါ်မှာလိုက်ပါလာတဲ့ ဆရာဝန် သုံးဦး သေဆုံးခဲ့ရပါတယ်။  တံတားအဆင်းဖြစ်နေတာကတစ်ကြောင်း မြင်ကွင်းမကောင်းတဲ့ နေရာမျိုးမှာ ရပ်နားထားတာကြောင့်လည်း အခုလိုဖြစ်ရတာဖြစ်တယ်လို့လည်း လူမှုကွန်ရက်သုံးစွဲသူတွေက ဝေဖန်ပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဆယ်ဘီးယာဉ်မောင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က(လူသေစေမှု)၊ ပုဒ်မ၃၃၇ (နာကျင်စေမှု)တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ၊ ကြိုတင်ကာကွယ်တာတွေ၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့ လိုအပ်နေပြီဆိုတာ အချက်ပေးခေါင်းလောင်းထိုးလိုက်တာပါလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သူ့ ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

“ ရန်ကုန်မြို့က လမ်းမတွေပေါ်မှာ တရားဥပဒေစိုးမိုးရေး၊ စည်းမျဉ်းဥပဒေတွေစိုးမိုးရေးကို ထိထိရောက်ရောက်လုပ်ပေးနိုင်ဖို့ စနစ်တကျပြင်ဆင်ဆောင်ရွက်သင့်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်တဲ့ ဥပဒေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးကို ပြောတာပါ။ လမ်းမတွေ၊ မော်တော်ယာဉ်တွေနဲ့လူတွေကြားက ဥပဒေစိုးမိုးရေးကိုပြောတာပါ။ “ လို့ သူကဆိုပါတယ်။

၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှုပေါင်း ၁၇၄၅၂ မှု၊ ဒဏ်ရာရရှိမှု ၂၆၇၄၁ မှုနဲ့ သေဆုံးမှု ၅၁၈၄ မှုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ယာဉ်တိုက်မှုပေါင်း ၁၈၁၇၁ မှု၊ ဒဏ်ရာရရှိမှု ၂၉၁၄၄ မှုနဲ့ သေဆုံးမှုမှာ ၅၂၅၀ မှုဖြစ်ပွားခဲ့ပါတယ်။ အမြန်လမ်းမှာတော့ ယာဉ်တိုက်မှုပေါင်း ၄၇၄ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိမှု ၈၈၃ မှုနဲ့ သေဆုံးမှုမှာ ၁၀၄ မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ယာဉ်တိုက်မှု ၅၅၅ မှု ဒဏ်ရာရရှိမှု ၈၆၃ မှုနဲ့ သေဆုံးမှုမှာ ၁၁၅ မှုဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်တိုက်မှုပေါင်း ၂၆၈၄ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှု ၃၁၆၄ မှုနဲ့ သေဆုံးမှု ၅၉၉ မှုရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့တာပါ။မန္တလေးတိုင်းအတွင်းမှာတော့ ယာဉ်တိုက်မှု ၂၂၄၃ မှု၊ ဒဏ်ရာရရှိမှု ၃၄၀၉ မှုနဲ့ သေဆုံးမှုက ၇၄၄ မှု ရှိခဲ့ရာ တစ်နိုင်ငံလုံးမှာ သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပါတယ်။ ဒုတိယ ယာဉ်တိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ ဒေသကတော့ ပဲခူးတိုင်းဖြစ်ပြီး ၂၄၃၀ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှု ၂၀၃၃၊ ဒဏ်ရာရရှိသူ ၃၅၅၀နဲ့ သေဆုံးသူ ၄၀၄ ဦး ရှိခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၀၃၃၊ ဒဏ်ရာရရှိသူ ၃၄၄၆နဲ့ သေဆုံးသူ ၄၁၉ ဦး ရှိခဲ့ပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး ကုန်းလမ်းပို့ ဆောင်ရေးကလည်း ထုတ်ပြန်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေကို ထိထိရောက်ရောက် အသိပေးမှုအင်မတန် အားနည်းတယ်လို့ တရား လွှတ်တော်ရှေ့ နေတစ်ဦးဖြစ်တဲ့ ဦးခင်ဇော်(မရမ်းကုန်း)က သူ့အမြင်ကို ပြောပါတယ်။

“သူတို့ အနေနဲ့ ဆိုင်းဘုတ်လေးထောင်ပြီးရင် တာဝန်ကျေပြီလို့ အောက်မေ့နေတယ်။ ဂရုတစိုက်နဲ့ ပညာပေးမယ်ဆိုရင် ယာဉ်တိုက်မှုထိခိုက်မှု မတော်တဆမှုတွေအားနည်းသွားမယ်။မဟုတ်ရင် ယာဉ်တိုက်မှုတွေက ခဏခဏတိုက်ပြီးမောင်းပြေးသွားတာဖြစ်နေတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် အခုချိန်မှာ လမ်းပိုင်းမှာစည်းကမ်းပိုင်းအားနည်းတယ်ဆိုပေမယ့်  တချို့ လမ်းတွေက ပြုပြင်နေတုန်းပဲ ရှိပါသေးတယ်။တစ်ချို့ မောင်းတဲ့သူတွေကလည်း အဆင်ပြေသလိုကြည့်ပြီးမောင်းနေရတော့ နှစ်ဖက်လုံးအပြစ်ပြောလို့ မရဘဲ နှစ်ဖက်လုံးက အားနည်းနေတယ်လို့ ရှင်းပြပါတယ်။

“ယာဉ်မောင်းကလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားလည်ရမယ်။လမ်းပိုင်းတာဝန်ယူတဲ့သူကလည်း ပညာပေးမှု ထိန်းသိမ်းမှု လိုအပ်တယ်။အခုက ကျောက်သယ်တဲ့ကလေးမက အလံတွေပြ၊ယာဉ်မောင်းတွေက သူ့ အလံကြည့်ပြီးမောင်းနေရတာ။ အဲလိုဖြစ်နေတယ်။လမ်းတွေပြင်တော့ တခြမ်းကို ပိတ်ထားတယ်။ အဲလိုနဲ့ ယာဉ်မောင်းတွေက အဆင်ပြေသလိုကြည့်ပြီးမောင်းနေရတယ်။” လို့ ဦးခင်ဇော်က မှတ်ချက်ပြုပါတယ်။

ဒါကြောင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းစေဖို့ ဆိုရင်တော့  နှစ်ဦးနှစ်ဖက် လမ်းပိုင်းကလမ်းစည်းကမ်း၊ ယာဉ်မောင်းတဲ့သူတွေက ယာဉ်စည်းကမ်း သတ်မှတ်ချက်တွေကို ကျယ်ကျယ်ပြန့် ပြန့် ဗဟုသုတ ပေးနိုင်ရင်တော့ ယာဉ်တိုက်မှုတွေ ထိခိုက်မှုတွေ  လျော့နိုင်သွားမယ်လို့ သူက အကြံပြုပါတယ်။

Photo crd- Nay Zar Tun


comments

There is no comment

Publish reply