Myanmar Platform

ခြုံကြားထဲမှ တူရိယာဘုရင်ကို ဖန်တီးနေသူ (သို့) ကိုဖိုးသား

မော်လေး 2019-05-15 124

“ အဓိကလိုတာကတော့ အရင်းအနှီးငွေပဲဗျ။ ဒါကို ခဏခဏပြောနေရတော့ ပြောရမှာရှက်လာပြီ ”။

မြောက်ဥက္ကလာပမြို့နယ်၊ နွယ်နီ ၁၆ လမ်း။ လမ်းထဲကိုဝင်လိုက်တာနဲ့ အိမ်သေးသေးလေးတွေကို ခပ်စိတ်စိတ်တွေ့မြင်နိုင်ပါတယ်။ တစ်အိမ်နဲ့တစ်အိမ်ကူးလူး ဆက်ဆံပြောဆိုနေကြတာတွေကလည်း ဆင်ခြေဖုံးရပ်ကွက်လေးပါလို့ ပြောပြနေစရာမလိုခဲ့ပါဘူး။

လမ်းအလယ်လောက်ရောက်တဲ့အခါမှာ စောင်းကောက်လို့ယူဆရတဲ့ သစ်သားကိုထွင်းထားတဲ့ ပစ္စည်းတွေနဲ့ အိမ်တစ်လုံးရှိပါတယ်။ အိမ်နံပါတ် င/၈၄၃။ မျက်နှာစာကို သံဇကာကွက်နဲ့ကာရံထားပြီးတော့ အထဲကို အလင်းရောင်ဝင်နိုင်အောင် ဆောက်လုပ်ထားတဲ့ အိမ်လေးပါ။

ဘေးတစ်ဖက်တစ်ချက်မှာ သရက်ပင်တစ်ပင်စီခြံရံထားတဲ့ အိမ်အဝင်တံခါးပေါက်ကလည်း သံဇကာနဲ့ပဲ ပြုလုပ်ထားပါတယ်။ တံခါးကနေဝင်လိုက်တာနဲ့ ညာဘက်အခြမ်းမှာ စောင်း ပြုလုပ်တဲ့နေရာလေးကို ကွပ်ပျစ်လေးတစ်လုံးနဲ့အတူ တွေ့ရမှာပါ။

“ ဒီအိမ်က မြောက်ဥက္ကလာစတည်းကတည်းက ဒီအတိုင်းပဲရှိခဲ့တာ။ ထွေထွထူးထူးလည်း မပြင်ဆင်နိုင်ဘူး ” လို့ အိမ်ပိုင်ရှင်လည်းဖြစ် စောင်း တူရိယာကို ပြုလုပ်သူလည်းဖြစ်တဲ့ ကိုအေးအောင်ဝင်း (ခ) ကိုဖိုးသားက ဆိုပါတယ်။

နှစ်ပေါင်းများစွာ အနင်းခံထားရတဲ့ ဖိနပ်ချွတ်က သစ်သားတွေက ကျိုးတို့ကျဲတဲ။ နေပျောက်တွေကျနေတဲ့ သွပ်တွေရဲ့အောက်က အိမ်နံရံတွေကို သစ်သားနဲ့ တာလပတ်ကို အဆင်သင့်သလို ကာရံထားပါတယ်။ 

ဒီလိုအမိုးအကာတွေရဲ့ အတွင်းမှာတော့ ဖုန်တွေကပ်နေပေမယ့် လှပတဲ့အချိုးအဆစ်တွေရှိတဲ့ ကြိုးမပါတဲ့ စောင်းကောက်တစ်ချို့ကို ချိတ်ထားပါတယ်။ 

 “ရင်မှာထား သားလည်းမဟုတ်၊ မုတ်ဆိတ်ဖွား ကုလားမဟုတ်၊ အသံသာ ကညာမဟုတ် ” ဆိုတဲ့ ပဟေဠိနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် စောင်းတူရိယာဆိုတာဟာ ရင်းရင်းနှီးနှီးပါပဲ။

တူရိယာဘုရင်လို့တင်စားခံရတဲ့ စောင်းဟာ နိုင်ငံတော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့ ရှိကြပေမယ့် မြန်မာ့စောင်းကတော့ အင်မတန်မှ အမြင်ပသာဒ လှပတဲ့အသွင်သဏ္ဌာန်ရှိတာကြောင့် တစ်ခါကြည့်မိရုံနဲ့တင် စိတ်ဝင်စားမှုကိုဖြစ်ပေါ်စေပါတယ်။

မြန်မာတို့မှာတော့ စောင်းနှစ်မျိုးရှိပြီး စောင်းကောက်(လက်ပွေ့စောင်း)နဲ့ငြင်းနဲ့တွဲဖက်ရတဲ့ ဝီဏာခေါ်ဗျပ်စောင်း တို့ပါပဲ။ စောင်းကောက်ဟာ ကမ္ဘာပေါ်ရှိ တူရိယာတွေအနက် ရှေးအကျဆုံး ကြိုးတပ်တူရိယာဖြစ်တယ်ရယ်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၄) မှာဖော်ပြထားပါတယ်။ရှေးအကျဆုံးတူရိယာကို ယဉ်ကျေးမှုအနုပညာပြတိုက်မှာ ပြသထားတာမျိုးတင်မကဘဲ နေအိမ်၊ ရုံးခန်း ၊ ဧည့်ခန်းဆောင်တွေမှာလည်း မြန်မာ့စောင်းကို နယားခံစင်နဲ့ အမြတ်တနိုး အလှထားကြပါတယ်။ 

ပြီးတော့နိုင်ငံရဲ့ ဂီတအမွေအနှစ်အဖြစ် အမြတ်တနိုးတီးခတ်တာတွေ၊ နိုင်ငံခြားသားဧည့်သည်တွေကို လက်ဆောင်ပေးတာတွေ စသဖြင့်ပြုလုပ်ကြပြီး ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားကြပါတယ်။ စောင်းကောက်တူရိယာဟာ အဲဒီလိုမျိုး အဖိုးတန် လက်မှုတူရိယာတစ်ခုအဖြစ် မြန်မာနိုင်ငံမှာရှိနေတာပါ။ 

ဒါပေမယ့် အဲ့ဒီစောင်းကို ဘယ်လိုပြုလုပ်ရတယ်ဆိုတာနဲ့ ဖန်တီးပြုလုပ်သူတွေကတော့ လျစ်လျူရှုခံ ဘာသာရပ်တွေ၊ လူသားတွေ ဖြစ်လာခဲ့ပြီဆိုတာ ကိုဖိုးသားရဲ့ ဖြစ်ရပ်တွေက သက်သေခံတစ်ခုပါ။

“ ကျွန်တော့်အဖေက ဦးလှဆန်း။ စောင်းတံဆိပ်ကလည်း လှဆန်းပဲ။ ဒီစောင်းလုပ်တဲ့ပညာက အဖိုးလက်ထက်ကတည်းက။ အခုကျွန်တော့် အသက် ၃၆ နှစ်ရှိပြီ ” လို့ ကိုဖိုးသားက စောင်းဖြစ်လာမယ့် ပစ္စည်းအကြမ်းထည်ကို ဓားဖြင့်ထစ်နေရင်း ဆိုလာ၏။

လွန်ခဲ့သောဆယ်စုနှစ်တစ်ခုတုန်းက ငယ်ရွယ်သူပီပီ စင်ကာပူနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန်ကြိုးစားခဲ့ပေမယ့် မိဘလက်ငုတ်လက်ရင်းအလုပ်ဖြစ်တဲ့ စောင်းတူရိယာကို လက်ဆင့်ကမ်းထိမ်းသိန်းဖို့ ဆိုတာကိုသာ ရွေးချယ်ဖြစ်ခဲ့သည့်သူက ခုချိန်ထိလည်း နောင်တဆိုသည်မရှိသေး။

1557914706820.jpg

ဒါပေမယ့် မိဘဘိုးဘွားပိုင်အိမ်မှာနေရင်း မိဘဘိုးဘွားလက်ငုတ်လက်ရင်းအလုပ်ကို ထိန်းသိမ်းရင်း ကိုယ်ပိုင်မိသားစု သုံးဦး၊ မောင်နှမ သုံးဦး စုစုပေါင်း ခြောက်ဦးနေထိုင်ကြတဲ့ ဒီမိသားစုမှာ သူ့ရဲ့ဝင်ငွေဟာ ပြည့်စုံလုံလောက်ဖို့ ခက်ခဲနေဆဲပါပဲ။

စောင်းတစ်ခုဖြစ်လာဖို့အတွက် တစ်လလောက်အချိန်ယူပြီး လှပသေသပ်ခိုင်ခန့်အောင် လုပ်တတ်တဲ့ သူ့အတွက် အမြင့်ဆုံးဝင်ငွေက ငွေကျပ်လေးသိန်းခွဲ ဝန်းကျင်ပဲရှိပါတယ်။ လက်ရာနဲ့ အသုံးပြုတဲ့ ပစ္စည်းတွေအပေါ်မူတည်ပြီးတော့ အနိမ့်ဆုံးဈေး နှစ်သိန်းခွဲမှာရှိနေတဲ့ သူ့ရဲ့စောင်းဟာ ဈေးကွက်အရကြည့်ရင်တော့ ပုံမှန်ထက်မြင့်နေပါတယ်။

“ ကျွန်တော် ဘာကိုမှမခိုဘူး။ အမြင်လှရုံလောက်မလုပ်ဘူး ” ဆိုတဲ့ သူ့ရဲ့ ခံယူချက်ကြောင့် သူ့ရဲ့စောင်းဟာဈေးနှုန်းမြင့်ပေမယ့် ဝယ်လိုအားလည်းမြင့်တဲ့ အနေအထားမှာ ရပ်တည်နေပါတယ်။ လက်တွေ့တီးခတ်ကြသူတစ်ချို့ကလည်း သူ့စောင်းရဲ့ ကောင်းမွန်မှုကို သူ့လူမှုကွန်ရက်စာ မျက်နှာပေါ်ကနေ ချီးကျူးဂုဏ်ပြုကြတာတွေ ရှိပါတယ်။ 

ဒါပေမယ့် သူဟာ ဝယ်လိုအားကိုလိုက်မှီအောင် စောင်းကိုမဖန်တီးနိုင်သေးပါဘူး။ အကြောင်းရင်းကတော့ စောင်းအတွက်အရေးကြီးဆုံးဖြစ်တဲ့ သစ် (တောပိတောက်သား၊ ပိတောက်သား၊ ပိန္နဲသား) ကိုအလွယ်တကူ ရှာဖွေဝယ်ယူနိုင်ခြင်းမရှိတာ၊ လုပ်ငန်းခွင်အတွက် မြေနေရာကျယ်ကျယ်ဝန်းဝန်းမရှိတာ၊ အရေးကြီးဆုံးကတော့ အလုပ်သမားတွေနဲ့ သေသေချာချာ လုပ်နိုင်ဖို့ အရင်းအနှီးမရှိတာပါပဲ။

ဒီလိုအခြေအနေကြားမှာ အရင်းအနှီးအများကြီး မစိုက်ထုတ်နိုင်တဲ့ လက်မှုပညာသယ်တစ်ယောက်ရဲ့ နာကျင်မှုတစ်ချို့က ကွပ်ပျစ်ကိုစိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကနေ၊ တုန်ခါလာတဲ့ စကားသံတွေကနေ တစ်ဆင့်ပတ်ဝန်းကျင်ကို ပျံ့နှံ့လာပါတယ်။

“ ဒီယဉ်ကျေးမှုအမွေအနှစ်ကို ကျွန်တော့်ဘဝနဲ့လဲပြီး ထိန်းသိမ်းထားတယ်။ ဆက်လက်ထိန်းသိမ်းမယ့် လူရှိစေချင်တယ်။ နိုင်ငံတော်အနေနဲ့လည်း ဒီပညာရပ်ကို တစ်ဖက်တစ်လမ်းက ကူညီပြီးထိန်းသိမ်း စောင့်ရှောက်စေချင်တယ် ” ဒီစကားက သတင်းမီဒီယာ ၂၀ လောက်ကို သူ့အနေနဲ့ ထပ်ဖန်တလဲလဲ ပြောနေခဲ့တဲ့ စကားတစ်ခွန်းပါ။

ဖခင်လက်ထက်၊ သူ့လက်ထက် စောင်းကိုပိုမိုကောင်းမွန်အောင် ကြိုးစားအားထုတ်ခဲ့ကြတဲ့ သက်တမ်းတစ်လျှောက် အစိုးရမဟုတ်သော အဖွဲ့အစည်းပေါင်းမြောက်များစွာက ဒီလုပ်ငန်းကို တန်ဖိုးထားလာရောက်လေ့လာကြပေမယ့် အစိုးရကတော့စိတ်ဝင်စားမှု မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။ 

ကိုဖိုးသားက အိမ်နံရံမှာချိတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂၀၁၆ ပြက္ခဒိန်ကို တွေတွေဝေဝေစိုက်ကြည့်နေရင်း တစ်ခုံးခြင်းစီ ပြောချလာတဲ့စကားက…..

“ ကျွန်တော့်ကိုအရင်းအနှီးပဲပေးပါ။ အလကားမယူပါဘူး။ အတိုးနည်းနည်းနဲ့ရနိုင်မယ့် အရင်းအနှီးလေးပဲ ကျွန်တော်လိုအပ်တာပါ ”။


comments

There is no comment

Publish reply