Myanmar Platform

မြစ်ဧရာထဲက လင်းပိုင်တွေအရေး စိုးရိမ်နေရပြီလား

Shwe Yee 2019-05-15 408


ဧရာဝတီမြစ်ဆိုတာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်သလို တချို့ကလည်း ရာဇဝင်များရဲ့သတို့သမီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီဧရာဝတီမြစ်ထဲမှာ နေထိုင်ကျက်စားနေတဲ့ ဧရာဝတီလင်းပိုင်တွေကလည်း ဧရာဝတီမြစ်ကြီးရဲ့ပြယုဂ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။

ယခုလ ၄ရက်က မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တတိယမြစ် ကျဉ်းကြားမှာ တစ်နှစ်သားအ ရွယ် ဧရာဝတီလင်းပိုင်ငယ်တစ်ကောင် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဧရာဝတီလင်းပိုင်တွေရဲ့အနာဂတ်ဟာ စိုးရိမ်ရမယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဧရာဝတီလင်းပိုင် တွေဟာ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးတာအပါအဝင် လူ့ ပယောဂတွေကြောင့် နှစ်စဉ် ပျမ်းမျှနှစ်ကောင်နဲ့ ငါးကောင် ကြား သေဆုံးနေတယ်လို့  သားရဲထိန်းသိမ်းရေးအဖွဲ့(Wildlife Conservation Society- WCS)က စာရင်းတွေအရ သိရပါတယ်။

လင်းပိုင်ငါးတွေသေဆုံးရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ တရားမ၀င် ရှော့ခ်တိုက်ငါးဖမ်းဆီးတာတွေ၊ ငါးဖမ်းပိုက်တွေမှာ ငြိမိတာတွေ ဖြစ်ပါတယ်။ ဒီလို ငါးဖမ်းဆီးတဲ့အတွက် လင်းပိုင်တွေ တိုက်ရိုက်သေဆုံးမှု တွေရှိသလို တစ်ဖက်မှာလင်းပိုင်တွေအတွက် အစာရေစာရှားပါးမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ လင်းပိုင်ထိန်းသိမ်းရေးသမားလုပ်ဆောင်နေသူတွေက ထောက်ပြပြောဆိုကြပါတယ်။

 တစ်ခါတစ်ရံ မော်တော်၊ စက်လှေတွေနဲ့ ထိခိုက်မှုတွေကြောင့် သေဆုံးတာလည်း ရှိပါတယ်။

“လက်ရှိ ရှိနေတဲ့ ဧရာဝတီလင်းပိုင်ကောင်ရေ ၇၂ကောင်က စိုးရိမ်စရာအနေအထားဖြစ်နေတယ်။တရားမဝင် ငါးဖမ်းမှုတွေ ဖြစ်ရင် ပိုစိုးရိမ်ရတာပေါ့။အဓိက ကျွန်တော်တို့က တတ်နိုင်သလောက်တော့ ထိန်းသိမ်းရေးအတွက် တတ်နိုင်သလောက်ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။” လို့ WCS (မြန်မာ)မှ ဧရာဝတီမြစ်ဝှမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုနိုင်လင်း  က ပြောပါတယ်။

အခုလက်ရှိမှာတော့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်ဖို့အတွက်  ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးသုတေသနခရီးစဉ်ကို ဖော်ဆောင်နေပြီး လင်းပိုင်ထိန်းသိမ်းရေးအသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကတော့ ပညာပေးလုပ်ငန်းတွေ၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနဲ့ ဆက်နွယ်တဲ့ လူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ၊ ရေလုပ်သားနဲ့ လင်းပိုင်အကြား ပူးပေါင်းငါးဖမ်းဆီးမှု ရိုးရာဓလေ့တွေ မပပျောက်စေရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

“ဒေသခံရေလုပ်သားတွေ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမြဲတမ်းကင်းလှည့်လုပ်ငန်းတွေလုပ်တယ်။ ဒေသခံတွေ ရှားပါးမျိုးစိတ်တွေပေါ်မှာ ပိုပြီးတော့ နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပိုမိုပူးပေါင်းပါဝင်လာဖို့ ပညာပေးလုပ်ငန်းတွေလုပ်တယ်။ တစ်ဖက်တစ်လမ်းကလည်း ဒေသခံတွေ ရေရှည်မှာ ဝင်ငွေအမြဲတမ်းရဖို့ လူထုအခြေပြုခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ပေးတယ်။ “ လို့ သူက ဆိုပါတယ်။

ဒီလိုမျိုးလူထုအခြေပြုခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်နိုင်တဲ့အတွက် နိုင်ငံခြားသားတွေ၊ ပြည်တွင်းက ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေ လာရောက်လည်ပတ်ကြပြီး ဒေသခံတွေအတွက်လည်း ဝင်ငွေရရှိစေတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ဒေသခံတွေက ရှားပါးမျိုးစိတ်တွေကို မပျက်မစီးပဲနဲ့ ဝင်ငွေရတယ်ဆိုတဲ့ အသိတွေ ကိန်းအောင်းလာပြီဆိုရင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပိုပြီးပူးပေါင်းပါဝင်လာဖို့ရှိတယ်။ “ လို့ ကိုနိုင်လင်းက ပြောဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး  မန္တလေးနဲ့ ကျောက်မြောင်းကြားရှိ ကျေးရွာပေါင်း၂၄ ရွာက ကျောင်းသား၊ကျောင်းသူတွေ၊ ရေလုပ်သားတွေ၊ ဒေသခံတွေကို ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး၊ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဟောပြောမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ အသိပညာပေး၊ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာ၊ ထိန်းသိမ်းရေးသတင်းအချက်အလက်တွေ ပါဝင်တဲ့ တီရှပ်တွေ၊ ဗလာစာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာတွေ၊ တရားမ၀င်ငါးဖမ်းဆီးမှုတွေကို လျော့ပါးပပျောက်အောင် ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

ငါးလုပ်ငန်းဦးစီးဌာန နဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်းပြီး မန္တလေး မှ ဗန်းမော်အထိ  ၂၀၁၉ ခုနှစ် အတွက် ဧရာဝတီလင်းပိုင်ကောင်ရေ သုတေသနစစ်တမ်းပြုလုပ်တဲ့အခါ ၇၂ ကောင် တွေ့ရှိပါတယ်။

မန္တလေး မှ ကချင်ပြည်နယ်၊ ဗန်းမော်အထိ ဧရာဝတီလင်းပိုင်သုတေသနစစ်တမ်းကောက်ယူရာမှာတော့ မန္တလေး နဲ့ ကျောက်မြောင်းကြား ဧရိယာထဲတွင် ၂၄ ကောင် ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ သစ်အဖြစ် တိုးချဲ့နိုင်ခဲ့တဲ့ မလယ်မြို့နယ်နဲ့ ရွှေကူ မြို့နယ် ဧရိယာကြားတွင် ၃၄ ကောင် ၊ ဗန်းမော်တွင် ၁၄ ကောင် စုစုပေါင်း ၇၂ ကောင်ကို သုတေသနပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကပြုလုပ်ခဲ့တဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး သုတေသနစစ်တမ်းမှာတော့ မန္တလေး နဲ့ ကျောက်မြောင်းကြား ဧရိယာတွင်၂၆ ကောင်၊ မလယ်မြို့နယ်နဲ့ ရွှေကူမြို့နယ်ကြား ဧရိယာတွင် ၃၇ ကောင်၊ ဗန်းမော်ဘက်တွင် ၁၃ ကောင် ကို သုတေသနပြု နိုင်ခဲ့ပါတယ်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတွင် ၂၀၁၈ ခုနှစ်က ဧရာဝတီလင်းပိုင်တွေ အသေအပျောက်အများဆုံး ဖြစ်ပါတယ်။အဆိုပါနှစ်ထဲတွင် ဧရာဝတီလင်းပိုင် ၆ ကောင် သေဆုံးခဲ့ပါတယ်။ယခု နှစ်ဦးပိုင်းမှာလည်း ဧရာဝတီလင်းပိုင် ၂ ကောင် သေဆုံးခဲ့ပါတယ်။

ဧရာဝတီ လင်းပိုင်တွေကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့တဲ့အတွက် ကမ္ဘာလုံးမှာရှိတဲ့ ရေချိုလင်းပိုင် အားလုံးကို ဧရာဝတီ လင်းပိုင်လို့ ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

လင်းပိုင်တွေဟာ တံငါသည်တွေရဲ့ လှေတွေကို သိပါတယ်။ သစ်သားချောင်းလေးနဲ့ လှေကို ခေါက်လိုက်ရင် လင်းပိုင်တွေက အနားကို ကပ်လာကြပါတယ်။ ဧရာဝတီမြစ်ထဲမှာ လွတ်လွတ်လပ်လပ် သွားနေတဲ့ လင်းပိုင်တွေက တံငါသည်တွေနဲ့ ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြပါတယ်။ 

ဧရာဝတီလင်းပိုင်တွေက မြန်မာ အပါအ၀င် အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတွေမှာ တွေ့ရပြီး မျိုးတုံးပျောက်ကွယ်တော့မယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။နာမည်ကြီး ဟောင်ကောင်မင်းသား တစ်ဦးဖြစ်သူ ဂျက်ကီချန်းကလည်း ဧရာဝတီလင်းပိုင်တွေကို အကာအကွယ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ 

Photo Crd- WCS


comments

There is no comment

Publish reply