Myanmar Platform

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် ၊ သူရဦးရွှေမန်းရဲ့ ပါတီ နဲ့စပ်မိစပ်ရာလေးများ

Bo Than 2019-04-11 93

အခု သင်္ကြန်ကာလအတွင်းမှာ မြန်မာ့ပလက်ဖောင်းပရိသတ်ကြီး ကျန်းမာရွှင်လန်းပြီး အလုပ်အကိုင် အကြံအစည်တွေလည်း ကောင်းမွန် အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။ သင်္ကြန်ရုံးပိတ်ရက်ကြောင့် အားလုံး ပျော်ရွှင်နေမယ်လို့ ထင်ပါတယ်။  အခု ရုံးပိတ်ရက်တွေရှိတဲ့ ကြားထဲကနေ စပ်မိစပ်ရာ ပရိသတ်ကြီးအတွက် တစ်ပတ် အတွင်း ပြည်တွင်းက သတင်း သုံးသပ်ချက်လေးတွေကိုတော့ အချိန်မီ တင်ဆက်ပေးလိုက်တယ်နော်။

အခု တစ်ပတ်အတွင်းမှာတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် ၊ သူရဦးရွှေမန်းရဲ့ ပါတီ ၊ လက်ရှိ လူဦးရေ စာရင်း ၊အငှားယာဉ် GPS နဲ့   ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးက သမ္မတ ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကို တို့ထိကြည့်ရအောင်ပါ။

 ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်

----------------------------------------------

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲက ဧပြီလ ၈ရက်နေ့က  နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ် ကြီး စိုးထွဋ်နဲ့ တပ်မတော်အရာရှိကြီးများက အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ကြတာဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်က တရုတ်နိုင်ငံခရီးစဉ်ကို  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ရဲ့ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးအဖြစ် သွားရောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်နဲ့ တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng တို့ တွေ့ဆုံစဉ်မှာတော့တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုနဲ့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများအား အ တူတကွညှိနှိုင်းဆောင်ရွက်သွားရန် စသည့် နယ်ပယ် ၅ခုအား တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng က ဆိုပါတယ်။

 အဲဒါအပြင် နိုင်ငံတကာဆက်ဆံရေးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်၊ စက်ရုံ၊ အလုပ်ရုံများနဲ့ ကုန်သွယ်မှုတိုးမြှင့်ရန်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရန်ဆိုသည့် နယ်ပယ်များကိုလည်း ဆောင်ရွက်လိုတယ်လို့ လည်းပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီး ကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့် မည်သည့်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်ကိုမဆို လက်ခံမှာမ ဟုတ်ကြောင်း  ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံမှာ လာရောက်ပြီး စီးပွားရေးအရ ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများထဲတွင် တရုတ်နိုင်ငံမှ ပမာဏ အများဆုံးဖြစ်ကာ တရုတ်နိုင်ငံအား မြန်မာနိုင်ငံရဲ့ ထာဝရမိတ်ဆွေ၊ မဟာဗျူဟာ မိတ်ဘက်နိုင်ငံအဖြစ် သတ်မှတ် ထားတယ်လို့ ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင် ငံခြားဆက်ဆံရေးဌာနအကြီးအကဲ နိုင်ငံတကာရေးရာဌာနဝန်ကြီး H.E. Mr. Song Tao နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ တွေ့ဆုံပွဲမှာတော့ နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နှစ်နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့်အခြေအနေများနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နဲ့ ဒီမိုကရေစီစနစ် ခိုင်မာမှုရှိစေ ရေးအတွက် တပ်မတော်မှ ပါဝင်ကူညီမှုအခြေအနေတို့ကိုလည်း ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်က တရုတ်နိုင်ငံ သမ္မတ နဲ့ တွေ့ဆုံခဲ့ပြီးတော့ မြန်မာနိုင်ငံ၏စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ ဆိုပါတယ်။  တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအပေါ် စေတနာထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းဆောင်ရွက်မှုသည်လည်း အောင်မြင်မှုရရှိမည်ဟု ယုံကြည်တယ်လို့ ပြောကြားခဲ့ပြီး  မြန်မာနိုင်ငံအ တွက် အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို တပ်မတော်အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

 အခုဧပြီ ၁ ရက်နေ့ မှာ လူဦးရေ ၅၄ဒသမ ၁၀ သန်း ရှိ

----------------------------------

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၄ ဒသမ ၁၀ သန်း ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်လိုက်တာပါ။  ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၄ ဒသမ ၁၀ သန်း ရှိတယ်လို့ဆိုပါတယ်။

အဆိုပါ နေ့ရက်တွင်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်း လူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် ကျား (၉၇၈,၂၂၄)၊ မ (၉၀၃,၁၃၈) စုစုပေါင်း (၁၈၈,၁၃၆၂)၊ ကယားပြည်နယ်တွင် ကျား (၁၅၉,၁၂၁)၊ မ (၁၆၁,၀၉၅) စုစုပေါင်း (၃၂၀,၂၁၆)၊ ကရင်ပြည်နယ်တွင် ကျား (၇၈၃,၇၁၆)၊ မ (၈၂၁,၉၈၁) စုစုပေါင်း (၁,၆၀၅,၆၉၇)၊ ချင်းပြည်နယ်တွင် ကျား (၂၄၆,၈၉၇)၊ မ (၂၆၉,၈၅၅) စုစုပေါင်း (၅၁၆,၇၅၂)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျား (၂,၆၁၅,၉၃၆)၊ မ (၂,၉၃၄,၄၅၃) စုစုပေါင်း (၅,၅၅၀,၃၈၉)၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျား (၇၃၃,၃၀၆)၊ မ (၇၄၅,၇၈၀) စုစုပေါင်း (၁,၄၇၉,၀၈၆)၊ ပဲခူးတိုင်းဒေသကြီးတွင် ကျား (၂,၃၃၉,၆၁၈)၊ မ (၂,၅၉၄,၈၁၀) စုစုပေါင်း (၄,၉၃၄,၄၂၈)၊ မကွေးတိုင်းဒေသကြီးတွင် ကျား (၁,၈၀၇,၁၄၅)၊ မ (၂,၁၃၀,၁၃၃) စုစုပေါင်း (၃,၉၃၇,၂၇၈)၊ မန္တလေးတိုင်းဒေသကြီးတွင် ကျား (၃,၀၅၇,၅၆၅)၊ မ (၃,၄၂၀,၁၇၅) စုစုပေါင်း (၆,၄၇၇,၇၄၀)၊ မွန်ပြည်နယ်တွင် ကျား (၉၄၃,၆၀၉)၊ မ(၁,၀၅၁,၄၅၉) စုစုပေါင်း (၁,၉၉၅,၀၆၈)၊ ရခိုင်ပြည်နယ်တွင် ကျား (၁,၅၈၂,၀၃၄)၊ မ (၁,၇၄၃,၀၈၂) စုစုပေါင်း (၃,၃၂၅,၁၁၆)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျား (၃,၈၈၇,၄၄၉)၊ မ (၄,၃၁၆,၃၈၃) စုစုပေါင်း (၈,၂၀၃,၈၃၂)၊ ရှမ်းပြည်နယ်တွင် ကျား (၃,၁၅၆,၁၆၆)၊ မ (၃,၁၇၆,၀၂၂) စုစုပေါင်း (၆,၃၃၂,၁၈၈)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျား (၃,၀၄၂,၈၁၄)၊ မ (၃,၂၃၀,၀၉၉) စုစုပေါင်း (၆,၂၇၂,၉၁၃)၊ နေပြည်တော်ကောင်စီ နယ်မြေတွင် ကျား (၆၁၅,၂၈၉)၊ မ (၆၅၃,၈၉၉) စုစုပေါင်း (၁,၂၆၉,၁၈၈)ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေမှာ ကျား (၂၅,၉၄၈,၈၈၉)၊ မ (၂၈,၁၅၂,၃၆၄) စုစုပေါင်း (၅၄,၁၀၁,၂၅၃)ဦးရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

သူရဦးရွှေမန်းရဲ့ ကောင်းကျိုးဆောင် ပါတီ

----------------------------------

သူရ ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့  ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးများကိုသာအဓိကထား ဝင် ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်များကိုမူ တိုင်းရင်းသားပါတီများကို ဦးစားပေးသွားမည်လို့ ဆိုပါတယ်။

ပါတီကို တော့ ပြည်ထောင်စုကောင်းကျိုဆောင်ပါတီ (Union Betterment Party) ကို ၎င်းတို့ဇနီးမောင်နှံနှစ်ဦး စုဆောင်းထားသည့် ငွေကိုအခြေပြုကာ တည်ထောင်ခြင်းဖြစ်ကြောင်း   သူရဦးရွှေမန်းက ဆိုပါတယ်။

သူရဦးရွှေမန်းက ပါတီရန်ပုံငွေကတော့ တို့များရဲ့ လင်မယားနှစ်ယောက်မှာ ရှိထားတဲ့ စုဆောင်းထားတာတွေရှိပါတယ်။ အဲ့လို ပြောတဲ့အတွက် ယူဆချက်ကလေး၊ ခံယူချက်ကလေး အနည်းအကျဉ်းပြောရမယ်ဆိုရင် အသက်တွေက ၇၀ ကျော်လာပြီ။ အဲ့ဒီတော့ သေဖို့က နီးလာပြီ။ မသေခင်မှာတော့ နိုင်ငံတော်က ပြည်သူက နည်းအမျိုးမျိုးနဲ့ ပေးအပ်ထားတဲ့ အဆောင်အယောင်၊ ငွေကြေးဓန၊ အခြား ဗဟုသုတ၊ အတွေ့အကြုံများကို နိုင်ငံတော်ပဲ ပေးလှူ ချင်တယ်။ မသေခင်၊ သေသွားတဲ့အခါလည်း ကိုယ့်နောက်ပါမှာမဟုတ်ဘူး။ပေးလှူတဲ့အခါမှာလည်း နိုင်ငံတော်ကိုအကျိုးဖြစ်စေချင်တယ်။ ပြည်သူလူထုကိုလည်းအကျိုးဖြစ်စေချင် တယ်။ ဒါကြောင့်မို့လို့ ဘဝရယ်၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းရယ်၊ ကိုယ်စုဆောင်းထားတဲ့ငွေကြေးရယ်၊ ပြီးတဲ့ အခါမှာ အတွေ့အကြုံရယ်၊ ပညာရပ်များကို ပေးလှူဖို့စဉ်းစားပါတယ်။ ဒီပါတီကလည်း ဦးရွှေမန်းရဲ့ ပါတီမဟုတ်ပါဘူး။ ပြည်ထောင်စုရဲ့ ပါတီဖြစ်စေချင်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုသားများကလည်း ဝိုင်းပြီးတော့ ကြပ်မက်၊ ကွပ်ကဲ၊ ထိန်းသိမ်း၊ ဝေဖန်။ လိုအပ်တဲ့ အကူအညီများ၊ လုပ်အားဒါန၊ ငွေကြေးဒါနများထည့်ဝင်ပါက နိုင်ငံတော်အတွက်ပဲဖြစ်စေမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ရန်ကုန်က အငှားယာဉ်တွေကို GPS တပ် အုံးမယ်တဲ့

-----------------------------------------

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုအဆင်ပြေစေရန် ရန်ကုန်မြို့မှာ ပြေးဆွဲနေသည့် အငှားယာဉ်များကို လည်း GPS များတပ်ဆင်နိုင်ရေး စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှကဆိုပါတယ်။

အရင်တုန်းကလည်း ရန်ကုန်မှာ အငှားယာဉ်တွေကို မီတာတပ်ပြီး မောင်းဖို့လုပ်ကြပါသေးတယ်။  အငှားယာဉ်တွေ အကုန်လုံးတပ်ရတယ်။ ပြီးတော့ ဘာမှ ဖြစ်မလာပါဘူး။ ပေါ်ပင်ပါပဲလို့ အငှားယာဉ်မောင်း အသိုင်းအဝိုင်းကတော့ မှတ်ချက်ပေးပါတယ်။

IMF ကတော့ ပြောပြန်ပြီ

----------------------------

ယခုနှစ်အတွင်း မြန်မာနိုင်ငံ ၏ စီးပွားရေး  ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မယ်လို့  အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ( IMF) က ထုတ်ပြန်လိုက်ပါတယ်။

IMF ၏ ထုတ်ပြန်ချက်တွင် တစ် ကမ္ဘာလုံးအတိုင်းအတာနှင့် စီးပွားရေးဖွံ့ဖြိုးမှုဟာ ၃ဒသမ ၃ ရာခိုင်နှုန်း ကနေ ၃ဒသမ ၆လာက်ပဲရှိနိုင်တယ်လို့ ဖော်ပြထားပြီး  အမေရိကန်နိင်ငံအတွက် ဖွံ့ဖြိုးမှု ၂ဒသမ ၃ ရာခိုင်နှုန်းလို့ ခန့်မှန်းထားပြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကိုတော့ ၆ ရာခိုင်နှုန်း နဲ့ ၇ရာခိုင်နှုန်း  အထိရှိနိုင်တယ်လို့ ဆိုကာ မြန်မာနိုင်ငံအတွက် ၂၀၁၉ နှစ်မှာ ၆ဒသမ ၄ ရာခိုင်နှုန်း  တိုးတက်မှုရှိနိင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ကုန်သွယ်ရေးဆိုင်ရာ စိုးရိမ်ပူပန်စရာတွေအပြင် ဥရောပသမဂ္ဂက ဗြိတိန်နုတ်ထွက်တာတွေကြောင့် ၂၀၁၉နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေနိုင်တယ်လို့ဆိုပါတယ်။

အလားတူ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြင့်တက်လာမယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်သည့် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

 နိုင်ငံတော် ဘဏ္ဍာကို စိစစ်သုံးစွဲကြဖို့ သမ္မတ ပြောပြီ

-----------------------------------

 နေပြည်တော်ရှိ သမ္မတအိမ်တော်ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အ စည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့သော ဘဏ္ဏာရေးကော်မရှင်(၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးမှာ သမ္မတ ဦးဝင်းမြင့်ကမူလခန့်မှန်းခြေငွေစာရင်းမှာ တစ်နှစ်စာ ခွဲဝေချထားပေးပြီးဖြစ်သည့်အတွက် အသုံးစရိတ်ခွင့်ပြုငွေအတွင်း ဝင်ဆံ့ အောင် အစကတည်းကသေချာရန်နဲ့ စိစိစစ်စစ် သုံးစွဲနိုင်ရေးကို အားထုတ်ကြိုးပမ်းကြရန် အထူးလိုအပ်ကာ ဖြည့် စွက်ခွင့်ပြုငွေတောင်းခံရန် မလိုအပ်လေကောင်းလေဖြစ်တယ်လို့ဆိုပါတယ်။

  ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လိုငွေပမာဏများပြားလာခြင်းကို ထိန်းထားနိုင်ရေး၊ မူလခန့်မှန်း ခြေငွေစာရင်းနဲ့ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတို့ရဲ့ လိုငွေနဲ့ ဂျီဒီပီအချိုးကို နှိုင်းယှဉ်ပါက များစွာကွာဟမှုမရှိစေရေး တို့ကို ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါတွေ အပြင် တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကာ ဂရုတစိုက်လိုက်နာကြဖို့ သမ္မတက သတိပေးလိုက်ပါတယ်။

ဒီတစ်ခါ ရေအရင်းအမြစ် အလှည့်

-------------------------------

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာရှိ ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ခြင်းဖြစ်ပါတယ်။

 ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၏ အဂတိတရားများအား သိရှိနိုင်ပါရန်နှင့် စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားခဲ့ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

 

 

 


comments

There is no comment

Publish reply