Myanmar Platform

ဝက်အပြင်းဖျားရောဂါ (African Swine Fever)နဲ့ ၀က်သားမစားရ ပြဿနာ

Thu Thu 2019-03-18 513

အခုရက်ပိုင်းအတွင်းမှာ ပြည်သူလူထုကြားမှာ ထိတ်လန့်ဖွယ်တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒါကတော့ အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever)ကို ကူးစက်ရောဂါလို့ ကြေငြာခဲ့တာကြောင့် ပြည်သူလူထုကြားမှာ စိုးရိမ်မှုတွေမြင့်တက်ပြီး ထိတ်လန့်ဖွယ် ဖြစ်ခဲ့ရတာပါ။

ဝက်အပြင်းဖျားရောဂါကို ကြောက်လန့်ပြီး တစ်ချို့က ၀က်သားစားလို့မရဘူး။ တစ်ချို့ကလည်း ၀က်သား စားလို့ရတယ်ဆိုပြီး အမျိုးမျိုးပြောဆိုနေကြပါတယ်။ ဒါပေမယ့်လည်း သေချာတာ တစ်ခုကတော့ ဝက်အပြင်းဖျားရောဂါကြောင့် ၀က်သားဆိုင်တွေ၊ ၀က်သားတုတ်ထိုးဆိုင်နဲ့ ၀က်ထွက်ပစ္စည်း ရောင်းချတဲ့ဆိုင်တွေကတော့ ဒီရက်ပိုင်းအတွင်းမှာ သိသိသာသာကို ရောင်းအားတွေ ကျသွားတာကို တွေ့ရပါတယ်။

“အရင်က ဒီအချိန်ဆို နည်းနည်းပဲကျန်တော့တာ။ အခုကတော့ မြင်တဲ့အတိုင်းပါပဲ အများကြီးကျန်သေးတယ်။ ၂ရက်လောက်ရှိပြီ မရောင်းရတာ။ ၁ရက်၂ရက်လောက် စောင့်ကြည့်လိုက်ဦးမယ်။ ဒီလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဆိုင်ကိုခဏ နားထားလိုက်တော့မယ်။” သင်္ဃန်းကျွန်းမြို့နယ်မှာ ရောင်းချနေတဲ့ ၀က်သားတုတ်ထိုးဆိုင်ရှင် တစ်ဦးကပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ၀က်သားဆိုင်တွေ၊ ၀က်သားတုတ်ထိုးဆိုင်နဲ့ ၀က်ထွက်ပစ္စည်း ရောင်းချတဲ့ ဆိုင်တွေအနေနဲ့ အရှုံးပေါ်ပြီး ညည်းညူနေကြရသလို အိမ်ရှင်မတွေအနေနဲ့ကလည်း ၀က်သားကနေတစ်ဆင့် ဝက်အပြင်းဖျားရောဂါ ကူးစက်မှာကို ကြောက်လန့်ပြီး ၀က်သားကို မစားရဲ့ကြဘူးလို့ ဆိုပါတယ်။

“သူများတွေက ၀က်သားစားလို့မရဘူး ပြောပြောနေကြလို့ မစားတာပါ။ အိမ်မှာကလည်း ကလေးငယ်တွေရှိတော့ တစ်ခုခုဖြစ်မှာလည်း ကြောက်တယ်။” လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ မစုမြတ်ကျော်က ပြောပါတယ်။

အမှန်တကယ်တော့ African Swine Fever ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ဝက်ရောဂါဟာ ရောဂါဖြစ်ပွားတဲ့ အသားစားသုံးခြင်းမှတဆင့် တိရစ္ဆာန်မှ လူသို့ရောဂါကူးစက် နိုင်တဲ့ရောဂါ ( Meat- borne Zoonotic Disease) မဟုတ်ဘဲ တိရစ္ဆာန်မှ တိရစ္ဆာန်သို့ ကူးစက်စေနိုင်တဲ့ "ခ"အဆင့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဝက်အပြင်းဖျားရောဂါ (African Swine Fever)ဟာ ၀က်နဲ့ ၀က်မျိုးနွယ်ဝင် အချင်းချင်းကြားမှာသာ ကူးစက်နိုင်ပြီး သေစေတာဖြစ်ပါတယ်။ လူအပါအ၀င် တခြားမျိုးနွယ်၊ မျိုးစိတ်တွေကို ကူးစက်မှုလုံးဝမရှိဘူးလို့ ဆရာဝန်တွေထံက သိရပါတယ်။ ကျက်အောင်ချက်မထားတဲ့ ၀က်သား၊ ၀က်သားတုတ်ထိုး စားရာကနေ ကူးနိုင်တာက HAV/HEV (Hepatitis A နဲ့ E virus)တွေ၊ ၀မ်းရောဂါပိုးတွေနဲ့ သံကောင်ရောဂါတွေသာ ကူးစက်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဈေးထဲမှာ ရှိနေပြီးသား ကျန်းမာတဲ့ ၀က်သားကို ကျက်အောင်ချက်စားလို့ရပါတယ်။ မြန်မာပြည်မှာကတော့ ၀က်သားကိုအစိမ်းစားတဲ့သူ မရှိပါဘူး။ ဒါပေမယ့်လို့ မကျက်တစ်ကျက်ကို သုပ်စားတာမျိုးတွေ မလုပ်ဖို့ပါပဲ။” လို့ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။

လက်ရှိမှာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတဲ့ ၀က်အပြင်းဖျားရောဂါဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာပါ အာဖရိက ဝက်အပြင်းဖျား ရောဂါ စတင်ဖြစ်ပွားကြောင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ တရုတ်အစိုးရ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs) က တရားဝင် ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပေမယ့်လည်း ယင်းရောဂါမှာ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးနီးပါးကို ပြန့်နှံ့သွားခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ တရားဝင် စာရင်းဇယားတွေအရ ၂၀၁၈ သြဂုတ်လ ၃ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်အထိ အချိန် (၇) လနီးပါးအတွင်း ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် မြူနီစီပယ်စီရင်စု စုစုပေါင်း ၂၇ ခုမှာ ရောဂါ ပြန့်နှံ့ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၀၈ ခုကြောင့် ဝက်ကောင်ရေ ၉၅၀,၀၀၀ ကို သုတ်သင် ရှင်းလင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ အဆိုပါရောဂါမှာ ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ မွန်ဂိုလီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကိုပါ ပြန့်နှံသွားခဲ့ပါတယ်။ ယင်းအခြေအနေတွေကြောင့် မြန်မာနိုင်ငံသို့ ရောဂါပိုးကူးစက် ဝင်ရောက်မှု မဖြစ်စေရေး  ကြိုတင် ကာကွယ်ဖို့အတွက် တရုတ်နဲ့ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေက ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းတွေ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ပေါက်နဲ့ လေဆိပ်/ရေဆိပ်တွေကတစ်ဆင့် သယ်ယူခြင်း ၊ ဝယ်ယူခြင်းနဲ့ ရောင်းချခြင်းတွေ မပြုဖို့ ယာယီတားဆီး ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပြည်ပဆိုက်ရောက် လေဆိပ်ခန်းမမှာ ဝက်သား၊ အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ အခြား ဝက်ထွက်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်ခွင့် မပြုကြောင်းကို Notifiable Screen Advertisement မှာ ၁၀ မိနစ်တစ်ခါနှုန်းနဲ့ Slide show ပြသပြီးတော့ အသိပညာပေး လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။

ဝက်အပြင်းဖျားရောဂါဟာ လူတွေကို ကူးစက်မှု လုံးဝမရှိပေမယ့်လည်း အဆိုပါရောဂါကို ထိန်းချုပ်ဖို့အတွက် ကာကွယ်ဆေးတွေ မရှိသေးတာကြောင့် ရောဂါဝင်ရောက်ပြီးပါက အမြစ်ဖြတ် သုတ်သင်ရှင်းလင်းနိုင်ဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။

“ဒီရောဂါဟာ တိရစ္ဆာန်တွေမှာသာ ဖြစ်ပွားတဲ့ ရောဂါဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ ရောဂါကူးစက်မှာကို စိုးရိမ်ဖို့မလိုပါဘူး။ ဒီရောဂါဟာ ဝက်အုပ်စုအတွင်း ကူးစက်ကျရောက်ရင် ရောဂါကူးစက်ခံရတဲ့ ဝက်အားလုံး သေစေနိုင်ပြီးတော့ သေဆုံးနှုန်း ၁၀၀ ရာခိုင်နှုန်းရှိတာကြောင့် ဝက်မွေးမြူသူတွေရဲ့ စီးပွားရေးကို ဆုံးရှုံးထိခိုက်စေပါတယ်။” လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက နိုင်ငံပိုင်းသတင်းစာရဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖြေကြားထားပါတယ်။

အဓိကအနေနဲ့ အဆိုပါရောဂါဟာ ရောဂါကူးစက်ခြင်းခံရတဲ့ဝက်၊ အညစ်အကြေး၊ ဝက်ထွက် ပစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ မွှားလို ကြားခံလက်ခံကောင် တွယ်ခြင်း ကိုက်ခြင်း၊ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ ဆေးထိုးအပ်၊ အသုံးဆောင်ပစ္စည်းတွေနဲ့ ယင်တို့ကတစ်ဆင့် ကူးစက်ပျံ့နှံ့တာလို့ သိရပါတယ်။ ဒါ့အပြင် ရောဂါပိုးကူးစက်ခံထားရတဲ့ အေးခဲဝက်သားတွေနဲ့ ထိတွေ့ မိခြင်းကနေ ကူးစက်နိုင်တယ်လို့လည်း သိရပါတယ်။

 ဝက်တွေမှာ ရောဂါဖြစ်လာပြီဆိုရင်တော့ လက္ခဏာတွေက ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာ ဖြစ်ခြင်း၊ အရေပြား(နားရွက်၊ အမြီး၊ ဝမ်းဗိုက်) နီရဲခြင်း၊ ကိုယ်ပူချိန်မမှန်ခြင်း၊ အစာအနည်းငယ်သာ စားခြင်း၊ အလေးချိန် လျော့ကျခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဇီးဝက်တွေမှာ သားလျှောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ တွေ့ရခြင်းတို့ ဖြစ်ပါတယ်။

အဆိုပါရောဂါဟာ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျ ရောဂါတွေ၊ တခြားရောဂါတွေနဲ့ ရောဂါလက္ခဏာ ဆင်တာကြောင့် မျက်မြင်အားဖြင့် ရောဂါကို အတည်ပြုမခွဲခြားနိုင်ကြောင်း ဒါကြောင့် ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်း ပေးပို့စစ်ဆေးဖို့လိုအပ်တယ်လို့ ဒေါက်တာရဲထွန်းဝင်းက ပြောထားပါတယ်။

တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူတွေအနေနဲ့ မိမိရဲ့ဝက်တွေကို တခြားသော အိမ်မွေးဝက်၊ တောဝက်တွေနဲ့ မထိတွေ့စေဖို့နဲ့ အစာကြွင်းအစာကျန်တွေ ကျွေးမယ်ဆိုရင်လည်း ပြန်လည် ကျိုချက်သင့်ပါတယ်။ မီးဖိုချောင်ထွက် အသားအပိုင်းအစတွေကို အစာကြွင်းကျန်ထဲ မထည့်ဖို့နဲ့ အိမ်မွေးဝက်တွေ မကျွေးဖို့၊ တောဝက်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုဖို့၊ ဝက်တွေ နေမကောင်းခြင်းနဲ့ ဝက်သေဆုံးမှုတွေကို မိမိရဲ့ပတ်ဝန်းကျင်နဲ့ ဝက်ခြံအတွင်း တွေ့ရှိပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ဆက်သွယ် အကြောင်းကြားပေးဖို့နဲ့ ရောဂါနမူနာပစ္စည်းတွေကို ဓာတ်ခွဲခန်းတွေကို ပေးပို့ဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အသီးမှာ သရက်၊ အသားမှာ ဝက်ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံမှာ ဝက်သားမစားတဲ့ မိသားစုက ခပ်ရှားရှားရယ်ပါ။ ဒီလိုမျိုး ကပ်ပါးပိုးတွေဟာ ဝက်တွေမှာ တွေ့မြင်နေရတယ်ဆိုတာကို အိမ်ရှင်မတွေအတွက် သတိပေးခေါင်းလောင်းသံ တစ်ခုလို ဖြစ်နေပါပြီ။ အိမ်ရှင်မတွေအနေနဲ့ ၀က်သားမစားရဘူးရယ်တော့ မဟုတ်ပါဘူး။ ဆရာဝန်တွေ ညွှန်ကြားထားသလိုပဲ အသေချာ ကျက်အောင် ချက်ပြုတ်စားသောက်မယ်ဆိုရင်တော့ အိမ်ရှင်မတွေအနေနဲ့ စိုးရိမ်ကြောက်လန့်ဖို့ မလိုပါဘူး။


comments

There is no comment

Publish reply