Myanmar Platform

အကျမရှိတဲ့ ကုန်ဈေးနှုန်း ဘယ်အထိတက်ခွင့်ပေးမလဲ

Phoo Phoo 2018-07-10 711

မိုးရာသီရောက်လာပြီဆိုရင် ရေကြီးမှုနဲ့အတူ ကုန်စိမ်းနှုန်းတွေပါ မြင့်တက်လာစမြဲပါ။ မိုးရာသီ ရောက်လာပြီဆိုရင် မြန်မာနိုင်ငံနေရာဒေသအနှံအပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး လယ်ယာစိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးကြပါတယ်။ အဲ့သလို ပျက်စီးဆုံးရှုံးမှုတွေကြောင့် ဆန်နဲ့အတူ စိုက်ပျိုးသီးနှံတွေရဲ့ ဈေးနှုန်းတွေဟာလည်း ရေကြီးမှုနဲ့အပြိုင်မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

အခုဆိုရင်ပဲ ပြည်တွင်းဈေးကွက်မှာဆိုရင် ဆန်ဈေးနှုန်းတွေဟာ တဖြည်းဖြည်းကို မြင့်တက်နေပါတယ်။ ဆန်ဈေးနှုန်းတွေ အနေနဲ့ဆိုရင် ရွှေဘိုပေါ်ဆန်း (ဆန်ဟောင်း) ၃၂၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ဆန်သစ်) ၂၈၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်း ၂၅၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၂၄၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၂၂၀၀ ကျပ်၊ ပေါ်ဆန်း ၂၀၀၀ ကျပ်၊ ငစိန် ၂၃၀၀ ကျပ် စတဲ့ ဈေးနှုန်းတွေအထိကို မြင့်တက် လာခဲ့ပါတယ်။

“အရင်တုန်းက တနေ့မှ ၅၀၀၀ လောက်ပဲကုန်တယ်။ အခုဆိုရင် ၅၀၀၀ လည်းမရတော့ဘူး။ အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးက နည်းနည်းချင်းစီ တက်တက်လာတယ်။ အခုမိုးတွင်းဆိုတော့ ရေကြီးလို့ဆိုပြီး ထပ်တက်လာမှာကိုပဲ စိုးရိမ်ရတယ်။”လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ အသက်၆၁နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အေးအေးက ပြောပါတယ်။

နိုင်ငံ့လူဦးရေ (၅၁ဒသမ ၄၇ )သန်း အတွက် တစ်လစားသုံးဖို့ဆိုရင် ဆန်တန်ချိန် ရှစ်သိန်းခွဲခန့် လိုအပ်မှာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံအနှံ့ရေကြီးရေလျှံမှု၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုတွေကြောင့် ပြည်တွင်းအဓိက စားသုံးမှုဖြစ်တဲ့ ဆန်ဈေးပိုမို မြင့်တက်မှာကို ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ယခင်က အာလူးတစ်ပိသာာကို ၇၅၀၊ ၈၀၀ ကျပ် ရှိရာကနေ ယခု ၁၅၀၀၊ ၁၈၀၀ ကျပ် အထိ မြင့်တက်လာကြောင်း၊ ကြက်သွန် တစ်ပိသာာကို ၇၀၀၊ ၈၅၀ ကျပ်မှ ၁၂၀၀၊ ၁၄၀၀၊ ၁၆၀၀ ကျပ် အထိ မြင့်တက်လာကြောင်း၊ ပဲတစ်ပိသာကို ၁၈၀၀မှ ၂၃၀၀ကျပ်အ ထိ မြင့်တက်လာကြောင်း၊ ပဲဆီ တစ်ပိသာာကို ၅၄၀၀၊ ၇၁၀၀ကျပ် အထိ မြင့်တက်လာတယ်လို့ လက်လီ ရောင်းချသူတွေထံက သိရပါတယ်။

ကုန်စည်တွေ ဈေးနှုန်းမြင့်တက်လာမှုမှာ အိမ်ရှင်မတွေရဲ့ အဓိကစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့အတူ ဆီ၊ အာလူး၊ ကြက်သွန်နဲ့ ပဲအမျိုးမျိုးတို့ကလည်း ပိုမိုသိသာစွာ မြင့်တက်လာခဲ့တယ်လို့ အိမ်ရှင်မတွေက ဆိုပါတယ်။


ရေကြီးမှုနဲ့ ပျက်ဆီးဆုံးရှုံးရမှု

မြန်မာနိုင်ငံမှာ ရေကြီးမှုကြောင့် ပျှမ်းမျှအားဖြင့် နှစ်စဉ် လယ်ဧက ၅သိန်းကျော် ရေနစ်မြုပ်ပြီး ဧက ၁သိန်းကျော်လောက်ပျက်စီးဆုံးရှုံးပါတယ်။ အဆိုးရွားဆုံးအနေနဲ့ ၂၀၁၅ ခုနှစ်က လယ်ဧက ၁၃သိန်းနီးပါး ရေနစ်မြှပ်ပြီး ဧက ၆သိန်းနီးပါးစံချိန်တင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ယခုနှစ်မှာလည်း ဇွန်လကအထိ စာရင်းတွေအရ လယ်ဧက ၅သိန်းကျော် ရေနစ်မြှပ်ပြီး ဧက ၂သိန်းကျော် ပျက်စီးဆုံးရှုံးထားရပြီးဖြစ်ပါတယ်။ အခုမှ ဇူလိုင်လအလယ်ပဲရှိသေးတဲ့အတွက် ရေကြီးရေလျံမှုတွေ အဖြစ်များလေ့ရှိတယ် သြဂုတ်မှာ ဘယ်လောက် ပျက်စီးမှု တွေရှိမလဲဆိုတာ ခန့်မှန်းလို့မရနိုင်သေးပါဘူး။ ရေကြီးရေလျံမှု များပြားခဲ့မယ်ဆိုရင်တော့ အခုကုန်ဈေးနှုန်းတွေဟာ ထပ်မံမြင့်တက်သွားနိုင်ခြေလည်းရှိပါတယ်။


ပြည်ပတင်ပို့မှုများပြား

ယခု ပြည်တွင်းမှာ ကုန်စိမ်းနှုန်း မြင့်တက်နေချိန်မှာပဲ အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်ကို ပြည်ပက ၀ယ်ယူမှုဟာ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဆန်နဲ့ ဆန်ကွဲကို ပြည်ပသို့ တန်ချိန် ၃သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတန်ချိန် ၁၃ သိန်းကျော် တင်ပို့ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်စာရင်းအရ ကြက်သွန် တန်ချိန် ၆၆၇၁၄ တန်လောက် ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့သလိုပဲ မိုးတွင်းရောက်တိုင်းမှာလည်း ရေကြီးမှုတွေကို အကြောင်းပြပြီး ကုန်ဈေးနှုန်းတွေကို ဈေးတင် ရောင်းချလေ့ရှိပါတယ်။    ပြည်တွင်းက စီးပွားရေး ဈေးကွက်မှာဆိုရင် ကုန်ဈေးနှုန်း ဈေးတက်လာတဲ့အခါ ဈေးတက်လိုလျှင် အကြောင်းပြချက် အမျိုးမျိုးနဲ့ ဆင်ခြေပေးပြီး တက်လေ့ရှိပေမယ့် အကြောင်းပြချက် ပေးထားတဲ့ အရာတွေ ဈေးနှုန်းပြန် ကျဆင်းလာတဲ့ အချိန်မှာတော့ တက်ထားတဲ့ ကုန်ဈေးနှုန်းက ပြန်ကျလာခြင်း မရှိခဲ့ပါဘူး။


ကုန်ဈေးနှုန်းနဲ့ အစိုးရ 

ဈေးကွက်စီးပွားရေးစနစ်တစ်ခုမှာ ကုန်ဈေးနှုန်း မြင့်တက်လာမှုကို ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်ဖို့မလွယ်ပါဘူး။( မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ် အတွင်းက  ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းမှာ အိမ်ဆောက်ပစ္စည်းတွေ အရေးပေါ်လိုအပ်ချိန်မှာ ဈေးနှုန်းတွေကို မတရား တင်ရောင်းတာကြောင့် အစိုးရကနေ ကြေညာချက်တွေ ထုတ်ပြီး အရေးယူခဲ့ရတဲ့ အထိကို ဖြစ်ခဲ့ဖူးပါတယ်။ဒါက ခေတ်ဟောင်းမှာ စနစ်ဟောင်းနဲ့အတူ ကျန်ရစ်ခဲ့ပြီလိုဆိုနိုင်ပါတယ်။)

အစိုးရအဆက်ဆက် ကုန်ဈေးနှုန်းတွေသိရှိနိုင်ဖို့အတွက် အခွန်လွတ်ဈေးတွေကို ရန်ကုန်တိုင်းဒေသကြီး အတွင်းက မြို့နယ်တချို့မှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ တာမျိုးလည်းရှိပါတယ်။

အဓိက စားသောက်ကုန် ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အပါအ၀င် နေထိုင်စားသောက်မှု အတွက် ကုန်ကျစရိတ် ကုန်ဈေးနှုန်းတွေ ကတော့ ယခုအချိန်အထိ တက်မြဲတက်ဆဲပါ။

ဈေးကွက်စီးပွားရေးစနစ်ဆိုရာမှာ ကုန်ဈေးနှုန်း ကျဆင်းဖို့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအားကို အခြေခံတယ်လို့ဆိုကြပါတယ်။ ရောင်းလိုအားများအောင် ပုဂ္ဂလိကပိုင်းက အပြိုင်အဆိုင်ထုတ်လုပ်နိုင်မှုအတွက် အစိုးရက ယှဉ်ပြိုင်မှုကို အားပေးနေဖို့ပါပဲ။ 

ကုန်ဈေးနှုန်းမြင့်တက်ပြီး အခြေခံပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းမှုနဲ့ ရင်ဆိုင်လာရသလို၊ ၀င်ငွေထွက်ငွေ မျှတမှုမရှိတော့ဘဲ ဆင်းရဲသား လူတန်းစားအလွှာ ပိုမိုကြီးထွားလာမှုဆိုရင်တော့ အစိုးရတစ်ရပ်အတွက် လက်ပိုက်ကြည့်ရမယ့် အနေအထားမျိုးတော့ မဟုတ်ပါဘူး။ 

ဥပမာအားဖြင့် ပို့ဆောင်ဆက်သွယ်ရေးစနစ်အားနည်းမှုရဲ့ ရလာဒ်အဖြစ် ရန်ကုန်မြို့မှာကိုပဲ တစ်နေရာနဲ့ တစ်နေရာ ဈေးနှုန်းကွာဟချက်ကများလွန်းပါတယ်။ ယှဉ်ပြိုင်နိုင်မှုနဲ့ ဈေးကွက်ပီပြင်မှုဆိုတာက မေးခွန်းထုတ်စရာပါပဲ။ 



comments

There is no comment

Publish reply