Myanmar Platform

ဆံပင်အဖြတ်ခံရမယ်နော် သတိထား

နီတိုး 2018-07-08 2241

“ထိုင်ခုံရတဲ့ကားကို စောင့်ပြီးစီးတာမို့လို့ မတ်တပ်ရပ်စီးခဲ့ရတာလည်း မဟုတ်ပါဘူး။ မတ်တပ်ရပ်စီးတဲ့သူ မရှိလောက်အောင် ကားကတော်တော်လေး ချောင်ပါတယ်။ အနောက်နားက ထိုင်ခုံမှာ ထိုင်မိတာကိုက မှားသွားတာပါ ဆံပင်ညှပ်သမားက သူ့နောက်မှာဘယ်သူမှ မရှိတော့ ပိုပြီးအတင့်ရဲလာတာဖြစ်ပါလိမ့်မယ်”

ဒီစကားတွေကိုတော့ YBS လိုင်းကားစီးရင်း ဆံပင်ဖြတ်ခံရတဲ့ May Sandar Aung က သူ့ရဲ့လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ ဆံပင်ဖြတ်ခံရတဲ့အကြောင်းကို ရေးသားပြီးဝေမျှထားတာ ဖြစ်ပါတယ်။ သူမဆိုရင် အသက် ၁၆  နှစ်အရွယ်ကတည်းက ဆံပင်အရှည်ထားခဲ့တာဖြစ်ပြီး ရုံးတက်ဖို့ တောင် ဥက္ကာလာပ မြို့နယ်၊ ဘေလီမှတ်တိုင်ကနေ ဆူးလေကိုအသွား YBS  အမှတ် ၄ ယာဉ်လိုင်းက ကားပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆံပင်ခိုး အဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ 


ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး YBS ယာဉ်တွေပေါ်မှာ ဆံပင်ခိုးဖြတ်မှုတွေကို နစ်နာသူတွေက တိုင်ကြားလာရင် စီစီတီဗီ ကြည့်ပြီး ကူညီမယ်လို့ ယာဉ် လိုင်းတာဝန်ခံတွေကတော့ ဆိုပါတယ်။
 

‘‘ပစ္စည်းအခိုးခံရမှမဟုတ်ပါဘူး။ ဒါမျိုးဖြတ်ယူတာလည်း ပြစ်မှုတစ်ခုပါပဲ။ ကျိန်းသေကူညီ ပေးပါတယ်။ ဒါ့အပြင် လက်ရောက်စော်ကားတာမျိုး ကိုလည်း အကူညီတောင်းလို့ရပါတယ်။ ကျွန်တော်တို့ စီစီတီဗီပြန်ကြည့်ပြီး သက် သေလုပ်ပေးနိုင်ပါတယ်’’ လို့ YBS ယာဉ်လိုင်း ၂၀ ကျော်ပြေး ဆွဲနေတဲ့ Yangon Urban Public Transportation Public Co.,Ltd လက်ထောက်မန်နေဂျာ ဦးစိုးမြင့်က သူတို့ရဲ့ယာဉ်လိုင်း စာမျက်နှာမှာ ဆိုထား တယ်။ 


YBS လိုင်းကားတွေပေါ်မှာ မိမိတို့ရဲ့ ဆံပင်တွေအဖြတ်ခံရတဲ့အကြောင်း ဆံပင်အဖြတ်ခံသူ အမျိုးသမီးနှစ်ဦး ဖြစ်တဲ့ May Sandar Aung၊ Thin Thiri တို့ကသူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဇူလိုင်လ ၄ ရက်နေ့က ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောက်ကြန့်မြို့နယ် ပုလဲရပ်ကွက်နေ မစုဇာလီဆိုတဲ့ အမျိုးသမီးလည်း YBS (၃၅) ပေါ်မှာ ဆံပင်အဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။


‘‘မနက်ပိုင်းကားတွေ ကျပ်လို့ ဆံပင်ကို ဂရုမစိုက်နိုင်တာလည်း ပါတာပေါ့။ ဂရုမစိုက်နိုင်တာတောင် ဆံပင် အပေါ်ပိုင်းကိုတော့ စည်းထားပါတယ်။ အဖြတ်ခံရတာက ဘယ်လိုမှမသိဘူး။ ကျွန်မလည်း ကားက တအာားကြီး ကြပ်နေတော့ဂရုမစိုက်မိတာပါ။ ဆံပင်အရှည်က ဖြန့်ထားလိုက်မယ်ဆို ရင် တင်ပါးလောက် အထိတော့ရှိတယ်။’’ လို့ ဆံပင်အဖြတ်ခံရသူ မစုဇာလီက ဆိုပါတယ်။ 


ယခင်ကလိုင်းကားတွေပေါ်မှာ ပိုက်ဆံအိပ်နှိုက်တာ၊ လက်ဝတ်ရတနာတွေကို ဖြတ်ယူသွားတာ၊ ဖုန်းခိုးတာတွေ လောက်ပဲရှိကြားရပေမယ့်လည်း လက်ရှိမှာတော့ လိုင်းကားတွေပေါ်မှာ ဆံပင်တွေ အဖြတ်ခံနေရခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်သူတွေဟာ အုပ်စုဖွဲ့ပြုလုပ်လေ့ရှိပြီး လိုင်းကားရဲ့ နောက်ဆုံးတန်းမှာ နေရာယူထားကာ နောက်ဆုံးတန်းအရှေ့က လာထိုင်တဲ့ ဆံပင်ရှည်တဲ့အမျိုးသမီးတွေ ဖြတ်လေ့ရှိတယ်လို့ သိရပါတယ်။


“ဒီလောက်ထိအတင့်ရဲမယ်မှန်းမသိလို့ ကိုယ့်ဆံပင်ငြိတာတောင် မတော်တဆပဲဆိုပြီး ဘာမှမပြောဘဲ ဒီတိုင်းဆင်းသွားခဲ့တာမို့ မသိလိုက်တာပါ။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ကိုယ်ညံ့တယ်လို့လည်း ပြောထားပါတယ်”  လို့ ဆံပင်ဖြတ်ခံသူ မမေဆန္ဒာအောင်က ဆိုပါတယ်။

လိုင်းကားတွေပေါ်မှာ ဆံပင်တွေဖြတ်ယူတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကိုတိုင်ကြားလို့ရပါတယ်။ ရဲတပ်ဖွဲ့ကို တိုင်ကြားမယ်ဆိုရင်တော့ မိန်းကလေး တစ်ဦးရဲ့ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့်လက်ရောက်မှု ကျူးလွန်းခြင်း ရာဇသက်ကြီးပုဒ်မ ၃၅၄ နဲ့အရေးယူလို့ရပါတယ်။ အဲ့ဒီပုဒ်မဟာဆိုရင် ရဲရေးပိုင်တဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားတယ်ဆိုရင် ကျူးလွန်သူတို့ ထောင်ဒဏ်အများဆုံး နှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။


ဆံပင်တွေကိုတော့ အရင်ကဆိုရင် အ၀ယ်ဒိုင်တွေနဲ့ နယ်တွေကို လိုက်လံဝယ်ယူတာတွေရှိပါတယ်။ အခု နောက်ပိုင်းမှာတော့ မြို့ပေါ်နေအမျိုးသမီး အများစုကတော့ ဆံပင်ရှည်ထားတာ နည်းလာပြီး နယ်တွေမှာတောင် အမျိုးသမီးအနည်းစုသာ ဆံပင်ရှည်ထားလာတာကြောင့် ဆံပင်ဈေးကွက်က ရောင်းချသူနည်းပါးလာတာ တွေ့ရပါတယ်။ ဆံပင်တွေကိုတော့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေက ပြန်လည်ဝယ်ယူလေ့ရှိပြီး ဆံပင်အတု ပြုလုပ်တာ တွေနဲ့ အခြားအလှအပရေးရာတွေမှာ အသုံးပြုလေ့ရှိ ပါတယ်။  


ဆံပင်ရှည်ဖို့ဆိုတာကလည်း နှစ်ချီပြီး တယုတယပြုစုရတာမျိုး ဖြစ်တာကြောင့် အမျိုးသမီးတွေအနေနဲ့ အဖြတ်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ အတော်လေးကို ၀မ်းနည်းဖွယ်ကောင်းတယ်လို့ ပြောလို့ရပါတယ်။


“ဒီလိုပဲ မသိဘူး။ ဆယ်နာရီ ၀န်းကျင်လောက်မှ ရုံးမှာအတူလုပ်တဲ့ ညီမလေး တစ်ယောက်က အမတဲ့ အမဆံပင်တွေ ဘာဖြစ်တာလဲလို့မေးတယ်၊ ဟယ် ဘာဖြစ်လို့လဲဆိုတော့ ဒီမှာကြည့်ဆိုပြီးတော့ ပြတယ်ပေါ့။ ဆံပင်ကအဖြတ်ခံထားရတယ်။ စိတ်ထဲမှာ ကိုယ့်ဆံပင်ကိုယ် မြင်မြင်ချင်း နဲနဲ
ရှော့ (စိတ်ခံစားမှု ပြင်းထန်ခြင်း) ရသွားတယ်”
လို့ မမေဆန္ဒာအောင်က ရုပ်သံအင်တာဗျူး တစ်ခုမှာပြောထားပါတယ်။


လက်ရှိမှာဆိုရင်တော့ ဆံပင်ဈေးကွက်က အင်းစိန်မြို့နယ်မှာ အ၀ယ်ဒိုင်အများဆုံးရှိပြီး နယ်က ကိုယ်စားလှယ် တွေလည်း လိုက်လံဝယ်ယူပြီး ပြန် သွင်းတာတွေရှိနေပါတယ်။ ဆံပင်တွေကို ၀ယ်ယူတဲ့နေရာမှာ ကျွတ်တဲ့ ဆံပင်တွေနဲ့ ဖြတ်တဲ့ဆံပင်ဆိုပြီး နှစ်မျိုးခွဲဝယ်ယူတာ ဖြစ်ပါတယ်။ ကျွတ်တဲ့ ဆံပင်ကတော့ ဈေးကောင်းမရဘဲ အနည်းငယ်သာရရှိပြီး ဖြတ်တဲ့ဆံပင်ဆိုရင်တော့ ၁၅ လက်မအရှည် ကနေစတင်ပြီး ၀ယ်ယူတာဖြစ်ပါတယ်။


ပေါက်ဈေးအနေနဲ့ကတော့ ကျွတ်ဆံပင်ကတော့ ပေါက်ဈေးရယ်လို့ မရှိဘဲ ကြည့်ဝယ်တာမျိုး ဖြစ်ပြီးတော့ ဖြတ်ဆံပင်ကတော့ တစ်ပိဿကို ကျပ် တစ်သိန်းခြောက်သောင်း အနည်းဆုံးဈေးပေါက်နေပါတယ်။ 


အဲ့ဒီတော့ ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ကတော့ လိုင်းကားစီးရင် သတိထားမယ့်အချက်တွေ များလာပြီလို့ ပြောလို့ရပါတယ်။ အရင်ကဆိုရင် ပိုက်ဆံအိတ်ထည့်ထားတဲ့ အိတ်ကို ကိုယ့်ရှေ့မှာ ထားပြီးကားစီးရပါတယ်။ ကျောပိုးအိတ်ဆိုရင်လည်း ကိုယ့်ရှေ့မှာထားပြီး စီးရပါတယ်။ ဖုန်းဆို ရင်လက်က ကိုင်ထားရပါတယ်။ လက်က မကိုင်ဘူးဆိုရင်လည်း အနည်းဆုံးတော့ နားကြပ်တပ်ပြီး သီးချင်းဖွင့်ထားရပါတယ်။ ဒါမှသာ ဖုန်းပျောက် ခဲ့ရင် ပျောက်ခြင်း သိရတာဖြစ်ပါတယ်။ သီးချင်းသံတိတ်သွားရင် ဖုန်းပျောက်သွားတာဆိုတော့ ချက်ခြင်း သိပါတယ်။


အခုနောက်သတိထားရမှာကတော့ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်ရှည်တဲ့အမျိုးသမီးတွေအနေနဲ့ လိုင်းကားကိုစီးတဲ့အခါမှာ မိမိတို့ရဲ့ ဆံပင်တွေကို ပုခုံးကနေကျော်ပြီး ကိုယ်ရှေ့မှာ ပို့ထားသင့်ပါတယ်။ ရပ်ပြီး စီးတာပဲ ဖြစ်ဖြစ်၊ ထိုင်ခုံနဲ့ စီးတာပဲ ဖြစ်ဖြစ် မိမိတို့ရဲ့ အရှေ့ကိုထား စီးသင့်ပါတယ်။


အဲ့ဒီတော့ ဆံပင်ရှည်တဲ့အမျိုးသမီးတွေကို ပြောချင်တာကတော့ လိုင်းကားစီးရင်  “ဆံပင်အဖြတ်ခံရမယ်နော် သတိထား”


ပုံ- May Sandar Aung FB

comments

There is no comment

Publish reply