Myanmar Platform

၂၀၅၀ စိတ်ကူးကို ရှီကျင့်ပင် ပုံဖော်တော့မလား

Pay Too 2018-02-27 1946

          ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဏာရတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ငါးနှစ်တစ်ကြိမ် သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခွင့်ကို ပယ်ဖျက်မယ့် အကြောင်း အတည်ပြုလိုက်ပါတယ်။ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ဟာ မကြာခင်ကျင်းပတော့မယ့် မတ်လ ၅ရက်နေ့ တရုတ်နိုင် ငံလွှတ်တော် အစည်းအဝေးမှာလည်း အတည်ပြုသွားနိုင်ချေများနေပါတယ်။

          သမ္မတတာဝန်ယူမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေထဲမှာ ၁၉၈၂ ခုနှစ်မှာ တရုတ်နိုင်ငံ ရေးမျိုးစေ့ချသူအဖြစ် ညွှန်းဆိုခံရတဲ့ သမ္မတဟောင်းတိန်ရှောင်ပိန်က ထည့်သွင်းရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ အခုလို ဥပဒေပယ်ဖျက်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရေးပညာရှင်တွေနဲ့ တရုတ်ပြည်သူတွေဟာ စောဒက တက်ခြင်းတစ်စုံတစ်ရာ ပြုလုပ်တာမျိုး မရှိခဲ့ပါဘူး။

          လက်ရှိမှာတော့ ရှီဟာ အသက် ၆၄ နှစ်ရှိနေပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ကွန်ကရက်မှာ သူ့ကိုပဲ ဆက်လက်တာဝန်ပေးအပ်ခဲ့တာ တွေ့ခဲ့ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့ လည်း သုံးသပ်သူတွေက ရှီထက်တော်တဲ့သူ တရုတ်နိုင်ငံရေးမှာ မပေါ်ထွက်လာနိုင်သေးလို့လားလို့ မေးခွန်း တွေ ထုတ်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဆိုဆို တရုတ်နိုင်ငံရေး လေ့လာသူတွေကို တရုတ်နိုင်ငံပိုင် သတင်းစာ တွေနဲ့ နိုင်ငံရေး ပညာရှင်တွေ ကတော့ “မစ္စတာရှီ” ဟာ ရာသက်ပန်ခေါင်းဆောင် လုပ်သွားမှာ မဟုတ်ဘူးလို့ အာဘော်ရေးသား ဖော်ပြခဲ့ကြပါတယ်။

          တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပုံဖော်လာမှုစနစ်နဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ Alberta တက္ကသိုလ်ရဲ့ China Instisute ဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခဖြစ်တဲ့ Gordon Houlden က “တိန်ရှောင်ပိန့်လက်ထက်မှာ တရုတ်နိုင်ငံဟာ စုပေါင်းဦးဆောင်မှုစနစ်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က တရုတ်နိုင်ငံရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ်ဟာ တိန်ရှောင်ပိန်ဖြစ်ခဲ့ပြီး အာဏာချိန်ညှိနိုင်ဖို့ကို သတိထားခဲ့ပါတယ်။ ထိပ်တန်းခေါင်းဆောင်တွေကို ငါးနှစ်သက်တမ်းနှစ်ကြိမ်အုပ်ချုပ်ခွင့်နဲ့ အာဏာမျှဝေခဲ့တဲ့ပုံစံကို သတ်မှတ်ပေးခဲ့ပါတယ်။ တရုတ်ကွန်မြူ နစ်ပါ တီညီလာခံမှာ အတည်ပြုဖို့သေချာနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်မှုကြောင့် ရှီကျင့်ပင်ဟာ ၂၀၂၃ နောက်ပိုင်းအထိ အချိန်ကန့်သတ်ချက်မရှိဘဲ သမ္မတဖြစ်လာတော့မှာပါ” လို့ VOA ကို ပြောကြားခဲ့တာတွေ့ရပါတယ်။

          Houlden ပြောသလိုပါပဲ။ တရုတ်နိုင်ငံရေး မျိုးဆက်တွေထဲမှာ အောင်မြင်မှုအရှိဆုံး သမ္မတဟာ လက်ရှိသမ္မတ မစ္စတာရှီကျင့်ပင် ဖြစ်ပါတယ်။ ပြည်သူများအပေါ် ခေါင်းဆောင်နိုင်မှုစွမ်းရည်အပါအဝင် အရပ်ဖက်၊ စစ်ဖက်ဆက်ဆံရေးမျှခြေတွေအကုန်လုံးကို ရှီက ချိန်ညှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ လက်ရှိသမ္မတဖြစ်တဲ့ ရှီကျင့်ပင်လက်ထက်မှာ အအောင်မြင်ဆုံးလို့ ပြောရပါလိမ့်မယ်။

တရုတ်နိုင်ငံဟာ အနောက်တိုင်းနိုင်ငံရေးပုံစံကို လက်မခံချင်တာကြောင့် တရုတ်နိုင်ငံရေး လမ်းမကြီးဟာ အခုလိုဖြစ်တယ်ဆိုတာကို ချပြ လိုက်တာဖြစ်တယ်လို့ Houlden က ဆက်လက် ပြောကြားထားခဲ့ပါသေးတယ်။

ရှီကျင့်ပင် ဘာတွေးသလဲ

          ဒီနေရာမှာ ဆက်စပ်စဉ်းစားစရာအချက်က ရှီကျင့်ပင်ဘာတွေးသလဲဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ ရှီအတွေးဆိုတာထက် ရှီပြောခဲ့တဲ့ စကားကို တကယ့်လက်တွေ့အကောင်အထည်ဖော်တော့မယ့် အရိပ်အခြေလို့ ယူဆချင်ပါတယ်။

          ရှီကျင့်ပင်က “တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့နည်းပညာအကောင်းဆုံးနိုင်ငံ’’ ဖြစ်ရမယ်လို့ ကြုံးဝါးပြောဆိုဖူးပါတယ်။ ဒီပြောဆိုချက်အပြီး သိပ်မကြာခင်မှာ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ ခြေလှမ်းစိပ်စိပ်နဲ့ လှမ်းလာမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။

          ဒါအပြင် တရုတ်နိုင်ငံက ဆီလီကွန်ဗယ်လေလို့ပြောလို့ရတဲ့ ရှန်ဇန်မှာဆိုရင်လည်း နည်းပညာပိုင်း ဆိုင်ရာ အဆောက်အအုံတွေကို ၂၀၂၀ ပြည့်နှစ်မှာ အပြီးတည်ဆောက်တော့မှာလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

          တရုတ်နိုင်ငံရဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ တရုတ်အစိုးရဖြစ်ချင်တဲ့ ဆန္ဒတွေအတိုင်းလိုက်လုပ်ပေးဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ မစ္စတာရှီပြောတဲ့ ၂၀၂၅ စီမံကိန်းဟာ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ မစ္စတာရှီရဲ့ မပြည့်ဝတဲ့ ဆန္ဒတစ်ခုအနေနဲ့ ပြောစရာရှိတာကတော့ တရုတ်နိုင်ငံရဲ့ ဘောလုံးအားကစားကဏ္ဍပဲဖြစ်ပါတယ်။ ကမ္ဘာမှာ အခြားနိုင်ငံက သန်းကြွယ်သူဋ္ဌေးတွေ မသုံးနိုင်တာကို တရုတ်နိုင်ငံက သူဋ္ဌေးတွေ သုံးစွဲနေပေမယ့် တရုတ်ဘောလုံးလောကကတော့ မြင့်တက်မလာသေးပါဘူး။

၂၀၅၀ ပြည့် စိတ်ကူး

          ၂၀၅၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာနိုင်ရမယ်ဆိုတာကို Road Map တစ်ခုအဖြစ် ရှီက ချပြခဲ့ပြီးပါပြီ။ “တရုတ်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ တရုတ်နိုင်ငံကို ပြောင်းလဲနိုင်မယ့် အနေအထားတစ်ခုရဲ့ အလယ်မှာရောက်ရှိနေပါပြီ” လို့ ရှီကျင့်ပင်က တရုတ်ကွန်မြူနစ်ပါတီတွေ့ဆုံပွဲမှာ ပြောခဲ့ဖူးပါတယ်။

          “တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် မဟာဗျူဟာချမှတ်မှုဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍရပ်ဖြစ်ပါတယ်။ အခွင့်အလမ်းတွေဟာ တောက်ပပြီး ကောင်းမွန်နေပေမယ့် စိန်ခေါ်မှုတွေကတော့ ပြင်းထန်နေပါတယ်’’ လို့ ရှီရဲ့ပြောကြားချက်ကို Bloomberg မှာ ဖော်ပြခဲ့ပါတယ်။

          “ကျွန်တော်တို့ တရုတ်စီးပွားရေးလုပ်ငန်းတွေကို စစ်မှန်တဲ့အဆင့်မြှင့်တင်တာမျိုး လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာဈေးကွက်အတွက် တကယ့်ကို အရေးပါတဲ့ကဏ္ဍရပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးဟာ Bird-Cage Economy ထဲကပဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ရှီကဆက်လက် ပြောကြားခဲ့ပါတယ်။

          တရုတ်နိုင်ငံဟာ နိုင်ငံရေးမူဝါဒ၊ စီးပွားရေး၊ အမျိုးသားကာကွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒ၊ ဟောင်ကောင် နဲ့ ထိုင်ဝမ်အရေးကိစ္စတွေမှာ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း စီးပွားရေးမူဝါဒက အဓိကမောင်းနှင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာလည်း စီးပွားရေးဆိုင်ရာမူဝါဒကို ဆက်လက်မောင်းနှင်သွားမှာဖြစ်ပြီး သာယာပြီး ဖူလုံတဲ့ လူမှုဘဝကို တည်ဆောက်သွားမှာဖြစ်သလို ပညာရေးစနစ်အဆင့်မြှင့်တင်ရေးဟာလည်း ပန်းတိုင်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

          ၂၀၅၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံဟာ တီထွင်ဆန်းသစ်မှုမြင့်မားတဲ့ကုမ္ပဏီတွေ၊ အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်ဖွဲ့စည်းမှု၊ ခရီးသွားလာရေးပိုမိုအဆင်ပြေချောမွေ့စေရေးနဲ့ ပြီးပြည့်စုံတဲ့ အမျိုးသားရေး အစွမ်းသတ္တိတွေနဲ့ ဖော်ဆောင်ထားတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ ရည်မှန်းထားပြီး ကမ္ဘာ့အင်အားကြီး “နံပါတ်တစ်” နိုင်ငံဖြစ်လာဖို့ကိုလည်း ရည်စူးထားတာဖြစ်ပါတယ်။

          အဲဒီလို လုပ်ဆောင်မှုတွေကို “ကြီးမားတဲ့ ခေတ်သစ်ဆိုရှယ်လစ်တိုင်းပြည်” အဖြစ် ပုံဖော်သွားမှာဖြစ်ပြီး အဲဒါကို “တရုတ်အမျိုးသားတို့အိပ်မက် (Chinese Dream)” လို့ ခေါ်ပါတယ်။ ဒီတော့ တရုတ်နိုင်ငံရေး ပညာရှင်တွေ ပြောဆိုရှင်းလင်းသလို မစ္စတာရှီဟာ တရုတ်နိုင်ငံရဲ့ ရာသက်ပန် ခေါင်းဆောင်တစ်ဦးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

          တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေကို ရှီရဲ့ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပုံဖော်သွားဖို့ လုပ်ဆောင်နေ တာပဲဖြစ်ပါတယ်။ ရှီရဲ့ တွေးခေါ်ယူဆပုံတွေဟာ ကာလကြာလာတာနဲ့အမျှ ခေတ်ကို မီနိုင်မှာ မဟုတ်ဘူးလို့ Houlden က ဆိုထားပေမယ့် တရုတ်နိုင်ငံရေးအခင်းအကျင်းနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတို့ဟာ လက်ရှိအချိန်အထိ ရှီအတွေးအခေါ်က မှန်ကန်နေဆဲဖြစ်နေသလို ၂၀၅၀ အိပ်မက်စိတ်ကူးဟာလည်း ဖြစ်လာနိုင်ချေများနေပါကြောင်း တင်ပြလိုက်ပါတယ်။


comments

There is no comment

Publish reply