Myanmar Platform

စင်ကာပူ (သို့မဟုတ်) အရွှေ့တစ်ခုသို့ကူးပြောင်းနိုင်ငံ

Pay Too 2018-02-19 2357


    စင်ကာပူအကြောင်းကိုပြောရရင် ကျွန်းနိုင်ငံငယ်လေး။ သယံဇာတမပြည့်စုံတဲ့နိုင်ငံလေး။ ရေတောင်အခြားနိုင်ငံက ဝယ်သောက်နေရတဲ့ နိုင်ငံ။ ဒီလိုနိုင်ငံလေးက အခုတော့ အာရှမှာ အကောင်းဆုံးနိုင်ငံစာရင်းဝင်သွားခဲ့ပြီ။

    ကမ္ဘာမှာလည်း စီးပွားရေး ထွန်းတောက်မှုအားကောင်းတဲ့နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပြီ။ စင်ကာပူကို လီကွမ်ယူတည်ဆောက်နေချိန်မှာ အဲဒီအချိန်က တရုတ်သမ္မတ တိန်ရှောင်ဖိန်နဲ့တွေ့တော့ စင်ကာပူကို ဘယ်လိုတည်ဆောက်နေကြောင်းပြောပါတယ်။ ဒီတော့ တိန်ရှောင့်ဖိန်က “တရုတ်နိုင်ငံကပြည်နယ်လေးတစ်ခုစာလောက်ရှိတဲ့ နိုင်ငံကို တည်ဆောက်ရတာ မခက်ပါဘူး။” လို့ ဥပမာပေးပြောခဲ့ဖူးတာလေးရှိပါတယ်။

    လက်ရှိ မျက်မှောက်ကာလမှာ စင်ကာပူက ဒေသတွင်း အာဆီယံနိုင်ငံတွေ နှာတဖျားသာနေသလို အာရှမှာပါ ထိပ်တန်းကို ရောက်နေတဲ့ နိုင်ငံ တစ်နိုင်ဖို့ ပြောရမှာဖြစ်ပါတယ်။ အခုလက်ရှိမှာ စင်ကာပူက သူတို့ရဲ့ အရွှေ့ တစ်ခုကိုတော့ စတင် လှမ်းနေပါပြီ။  ယခင်က စင်ကာပူဟာ ဆိပ်ကမ်းအားပြုလို့ ကုန်သွယ်မှုလုပ်ခဲ့တဲ့နိုင်ငံတစ်ခု အခုတော့ တီထွင်ဆန်းသစ်မှုပိုင်းဖြစ်တဲ့ နည်းပညာနယ်ပယ်ကို ခြေလှမ်းနေပြီဖြစ်ပါတယ်။

အခုဆိုရင် စင်ကာပူနိုင်ငံက Marina Bay ဆိုတဲ့နေရာမှာ အွန်လိုင်းငွေပေးချေမှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Paypal က ရုံးခွဲဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ Paypal ဟာ စင်ကာပူနိုင်ငံတွင်းမှာ အွန်လိုင်းဈေးရောင်းခြင်း အတွက် အကြံပေးတာတွေ၊ အချက်အလက်ရှာဖွေစုဆောင်းတာတွေကို လုပ်ကိုင်နေပါတယ်။

အကယ်၍ လိုအပ်လို့ အကူအညီတောင်းရင်လည်း Paypal ဝန်ထမ်းတွေက ကူညီပေးနေပြန်ပါတယ်။ အခုလို ရုံးခွဲဖွင့်လုပ်ကိုင်နေတာဟာ Paypal တိုးတက်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါအပြင်မှာ Home Screen App လို့ခေါ်တဲ့ Paypal ရဲ့ App တစ်ခုကိုလည်း စင်ကာပူမှာပဲ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်လိုက် တာဖြစ်ပါတယ်။

အဲဒါတွေအပြင် Innovation lab အတွက် အခြားသော နိုင်ငံခြားကုမ္ပဏီတွေဟာ စင်ကာပူကို ရွေးချယ်လာကြပါတယ်။ Paypal ပြီးတဲ့နောက် Procter & Gamble, Unilever, Hewelett Packard တို့လို လုပ်ငန်းတွေအပါအဝင် ပြင်သစ်အာမခံကုမ္ပဏီဖြစ်တဲ့ AXA တို့ဟာ စင်ကာပူမှာ အခြေစိုက်လာကြပြီး  innovative research ကို ပြုလုပ်လာကြပါတယ်။

“စင်ကာပူဟာ စိတ်ကူးစိတ်သန်းတွေနဲ့ ဆန်းသစ်တီထွင်မှုတို့အတွက်တော့ ပါဝင်စီးမျောဖို့ အကောင်းဆုံးနေရာတစ်ခုပဲ” လို့ Paypal ရဲ့ စင်ကာပူဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဗဟိုဋ္ဌာနက အထွေထွေ မန်နေဂျာဖြစ်သူ Anupam Pahuja က ပြောပါတယ်။

စင်ကာပူရဲ့ အားသာချက်တွေထဲမှာ အစိုးရကလည်း ထောက်ပံ့ပေးထားသလို ကမ္ဘာ့အဆင့်မီပညာရေးစနစ်ကလည်း ထောက်ပံ့ပေး ထားတာပဲဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ စင်ကာပူမှာ Start Up လုပ်ငန်းတွေဟာ အရှိန်ကောင်းလာတာဖြစ်ပါတယ်။ ဒီဖက်နှစ်ပိုင်းမှာဆိုရင် စင်ကာပူရဲ့ စွန့်ဦးတီထွင်မှု အညွှန်းကိန်းဟာ တက်လာခဲ့ပါတယ်။ ဟောင်ကောင်နဲ့ ရှန်ဟိုင်းကိုတော့ ယှဉ်မရသေးပါဘူး။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ပြောင်းရွှေ့လာတဲ့လူတွေကတော့ စင်ကာပူကို “စီးပွားရေးလုပ်ငန်းအသစ်တစ်ခုစတင်ဖို့နဲ့ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒီတိုင်းပြည်က အကောင်းဆုံးပဲ” လို့ ဆိုခဲ့ပါတယ်။

ပြောလျှင်လည်း ပြောစရာလို့ပဲဆိုရမှာပါပဲ။ ဆန်းသစ်တီထွင်မှုတွေနဲ့ လုပ်ငန်းသစ်တွေအတွက် အစိုးရက ထောက်ပံ့ပေးထားပါတယ်။ လုပ်ငန်း ငယ်အသစ်တွေအတွက်ကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးထားသလို အခွန်နှုန်းကိုလည်း စည်းမျဉ်းအလိုက် ကင်းလွတ် ခွင့်ပြု ထားပါသေးတယ်။ သုတေသနလုပ်ငန်းတွေအတွက်တော့ အခွန်လျော့ပေးထားပြီး ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့ ဥပဒေပိုင်းဆိုင် ရာထောက်ပံ့ မှုတွေကလည်း ရှိနေပြန်သေးတယ်။

    ၁၉၆၅ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး ကုန်ထုတ်လုပ်ရေးကို ဦးစားပေးတဲ့ ကုန်သွယ်မှုကို အဓိကထားလုပ်ကိုင်ခဲ့တာဟာဆိုရင် ၁၉၇၀ ပြည့်နှစ်အထိဖြစ်ပါတယ်။ အဲဒါကပဲ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို လုပ်ဆောင်ကြတဲ့အခါမှာ အချက်အချာတစ်ခုဖြစ်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လျှပ်စစ်မီးပိုမိုရရှိအောင် လုပ်ဆောင်ခဲ့ပြီး ဘဏ္ဍာရေးကဏ္ဍအားဖြည့်မှုနဲ့ စက်မှုလုပ်ငန်းတွေကို ပျိုးထောင်မှုပြုခဲ့ပါတယ်။ ရာစုနှစ်တစ်ခုအကုန်မှာတော့ စင်ကာပူဟာ Research, Knowledge & Innovation နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကို ဦးစားပေး တည်ထောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ စင်ကာပူဟာ AI နည်းပညာသုံးစက်ရုပ်နဲ့ ကားတွေကို တီထွင်နိုင်တဲ့အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ စင်ကာပူစီးပွားရေးဖွံ့ဖြိုးမှုဘုတ်အဖွဲ့ဟာ တီထွင်ဆန်းသစ်မှုကို အခြေပြုတဲ့ စီးပွားရေး လုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ ပြည်တွင်းကုမ္ပဏီတွေကို အားကိုးနေရင် အချိန်ကြာမြင့်နေမှာကို တွက်ဆမိတာကြောင့် နိုင်ငံတကာလုပ်ငန်းကြီးတွေဖြစ်တဲ့ Paypal နဲ့ HPE တို့လို ကုမ္ပဏီကြီးတွေကို စင်ကာပူမှာ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ “စီးပွားရေး လုပ်ငန်းသစ်တွေ စတင်နိုင်ဖို့ဆိုရင် ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးတွေ လိုအပ်ပါတယ်” လို့ EDB ရဲ့ဥက္ကဋ္ဌဖြစ်သူ Beh Swan Gin က ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်ကလည်း စင်ကာပူအမျိုးသားတက္ကသိုလ်နဲ့ပူးပေါင်းပြီး ပညာရေးစနစ်အတွက် အစိုးရမူဝါဒနဲ့ကိုက်ညီပြီး ဈေးကွက်အခြေအနေတွေကို ချိတ်ဆက်ပြီး လုပ်ဆောင်ခဲ့တာတွေလည်းရှိပါတယ်။ ဒီတက္ကသိုလ်တွေက သုတေသနလုပ်ငန်းတွေနဲ့ အခြေခံပညာအဆင့်ကလေးတွေကို စာသင်ကြားရေး အထောက်အကူတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပညာရေးအထောက်အကူ ကစားစရာတွေကို အသုံးပြုပြီး ကလေးတွေကို ဆေးထိုးတာက ကျန်းမာရေးကို ဘယ်လို စောင့်ရှောက်နိုင်ကြောင်း သင်ကြားပေးတာနေ ကလေးတွေ ဆေးထိုးအပ်မကြောက်ကြတော့ပါဘူး။ ဒါအပြင် augmented reality technology ကို အသုံးပြုထားတဲ့  App ကို ထုတ်လုပ်ပေးပြီး ဆေးထိုးတာနဲ့ပတ်သက်တဲ့အသိပညာတွေကိုလည်း ဖြန့်ဝေနိုင်ခဲ့ပါတယ်။

    NUS (National University of Singapore) ဟာ အမေရိကန်နိုင်ငံက စတန်းဖို့ဒ်တက္ကသိုလ်အပါအဝင် ကမ္ဘာတလွှားက တက္ကသိုလ်ပေါင်း ၈ ခုနဲ့ချိတ်ဆက်ပြီး ၂၀၀၂ ခုနှစ်ကတည်းက စတင်လို့ ပြည်ပကောလိပ်တွေမှာ အလုပ်သင်အနေနဲ့ တစ်နှစ်၊ ခြောက်လဆိုသလို သွားနေရပါတယ်။ အဲဒါပြီးရင်တော့ ကုမ္ပဏီပိုင်ရှင်တွေအဖြစ်နဲ့ စွန့်ဦးတီထွင်သမားတွေဖြစ်လာမှာပါ။ ၂၀၀၀ ကျော်သော ကျောင်းသားတွေဟာ program တွေကနေ အကျိုးအမြတ်ရနေကြသလို သိပ်မကြာခင်မှာပဲ သူတို့ကိုယ်တိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဖြစ်လာကြပါတယ်။

    “ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ NUS ရဲ့ ပြည်ပကောလိပ်ကရတဲ့ Program ကနေ ထောက်ပံ့မှုတွေကြောင့် ဖြစ်လာခဲ့တာ” လို့ Sustainable Living Lab ရဲ့ ပူးတွဲတည်ထောင်သူက ပြောကြားလိုက်ပါတယ်။

    စင်ကာပူဟာ တိုးတက်နှုန်းကို မြင့်သထက်မြင့်အောင်ကြိုးစားနေတာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပြီး Online networking platform ကဏ္ဍမှာ လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ Silicon Valley လို စတင်နိုင်တယ်လို့ ၂၀၀၆ - ၂၀၀၇ ခုနှစ်က စတန်းဖို့ဒ်လက်အောက်ခံ Program မှာ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လက်ရှိ e27 ရဲ့ co-founders တစ်ဦးဖြစ်သူ Mohan Belani ကပြောကြားလိုက်ပါတယ်။

    စင်ကာပူရဲ့ တိုးတက်မှုနှုန်းထား အစိတ်အပိုင်းတစ်ခုအဖြစ် ချန်ဂီလေဆိပ်ကလည်း ပါဝင်လာတော့ မှာပါ။ ယခုနှစ်ကုန်လောက်မှာ ချိန်ဂီလေဆိပ်မှာ စတုတ္ထမြောက် Terminal တစ်ခုကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီ Terminal မှာ Check – in, Baggage drop-off, immigration, security, boarding စတာတွေအကုန်လုံးကို အလိုအလျောက်စနစ်နဲ့ လုပ်ကိုင်သွားတော့မှာဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး အတွက်ကိုလည်း facial image ကိုရယူထားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုကနေ ဝန်ထမ်း ၂၀ ရာခိုင်နှုန်းကိုလျော့ချနိုင်မှာဖြစ်ပါတယ်။

     အာရှမှာရှိနေတဲ့လေဆိပ်တွေရဲ့ အားနည်းချက်ကတော့ အဆင့်တစ်ခုနဲ့ တစ်ခုကူးပြောင်းရာမှာ အချိန်ကြာကြာစောင့်ဆိုင်းရတာပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တစ်နှစ်ကို သန်း ၅၀ လုပ်ဆောင်ပေးနိုင်တဲ့ Terminal တစ်ခုဖွင့်လှစ်ဖို့ စီစဉ်နေသလို လေဆိပ်စုစုပေါင်းရဲ့ ခရီးသည်အဝင်အထွက်ဟာလည်း ၁၃၅ သန်းအထိရှိလာနိုင်ပါတယ်။

    အဲဒါတွေအပြင် ဘော့စတွန်အခြေစိုက်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ nuTonomy နဲ့ စင်ကာပူပူးပေါင်ပြီး မောင်းသူမဲ့ တက္ကစီကားတွေကို စီးပွားဖြစ်ပြေးဆွဲနိုင်ရေးကိုလည်း လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက စင်ကာပူဟာ မောင်းသူမဲ့ကားတွေကို မြို့ထဲမှာ စမ်းသပ်ပြေးဆွဲမှု အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် အစိုးရက စီးပွားရေးကဏ္ဍအတွက် လိုအပ်တဲ့ဥပဒေတွေကို ထုတ်ပြန်ပေးမှုတွေ လုပ်ဆောင်ပေးခဲ့နိုင်ပါတယ်။ စင်ကာပူဟာ အနာဂတ်မှာတိုးတက်နိုင်မယ့် အရေးကို ရှေးရှုထားပါတယ်လို့ Chief Operating Officer ဖြစ်သူ Doug Paker က ပြောကြားပါတယ်။ စင်ကာပူဟာ မောင်းသူမဲ့အငှားယာဉ်သာမက ဘတ်စ်ကားနဲ့ကုန်တင်ကားတွေအတွက်ပါ စီစဉ်လာနေတာဖြစ်ပါတယ်။

    စင်ကာပူအတွက်အားသာချက်တွေဟာ မြန်မာနိုင်ငံထက်သာလွန်နေတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ စင်ကာပူကို အမီလိုက်နိုင်ရေးဆိုရာမှာတော့ လက်ရှိ မဟာဗျူဟာ၊ စီမံခန့်ခွဲမှု၊ စီးပွားရေးချဲ့ထွင်မှုအပိုင်းတွေနဲ့ ချိန်ထိုးကြည့်လိုက်ရင် ဘယ်လိုမှဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။

        ဘာကြောင့်လဲဆိုတော့ ဒီဖက်နှစ်ပိုင်းတွေမှာ ကမ္ဘာ့ထိပ်သီးကုမ္ပဏီ ၁၀ ခုဟာ စင်ကာပူမှာ ဈေးကွက်ချဲ့ထွင်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ Alibaba Group Holding နဲ့ Tencent Holdings တို့ဟာ အရှေ့တောင်အာရှမှာ ဈေးကွက်ချဲ့ထွင်မှုကြီးကြီးမားမားလုပ်ကိုင်နေပါတယ်။

     ဈေးကွက်ချဲ့ထွင်မှုနေရာအတွက် မြန်မာနိုင်ငံ၏အရင်းနှီးဆုံးမိတ်ဆွေနိုင်ငံ တရုတ်သည်ပင်လျှင် အချို့သော ကမ္ဘာ့ထိပ်သီးကုမ္ပဏီတို့ မဝင်လာသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ အားနည်းနေမှုအပိုင်းတွေကို ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်မိပါတယ်။ စင်ကာပူဟာ နယ်မြေဒေ သကျယ်ဝန်းမှုမရှိပေမယ့် ကောင်းမွန်တဲ့ ဥပဒေ၊ အခြေခံအဆောက်အအုံကောင်းတွေကြောင့်ပဲ ပြည်ပကုမ္ပဏီတို့ မျက်စိကျစရာဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း မဟာဗျူဟာအပြောင်းအလဲ၊ စီးပွားရေးမူဝါဒ အပြောင်းအလဲတွေကို လုပ်ဆောင်သင့်ပြီလို့ ထင်မြင်မိပါကြောင်း တင်ပြအပ်ပါတယ်။


Ref; asianikkei.com


comments

There is no comment

Publish reply