Myanmar Platform

ကျောက်ဆည်က ရှုမငြီးဖွယ်ဆင်အက

မြခြူး 2019-03-28 488

မြန်မာနိုင်ငံမှာ ဆင် လို့ဆိုလိုက်တာနဲ့ သူနဲ့တွဲပြီးမြင်တဲ့ မြို့က ကျောက်ဆည်မြို့ပါ။ ဘာလို့လဲ။ ဆင်အက ဆိုတာဟာ ကျောက်ဆည်ကနေဆင်းသက်လာခဲ့တာဖြစ်ပြီးတော့ သမိုင်းမှတ်တမ်းဝင်နေရာ တစ်ခုဖြစ်နေလို့ပါပဲ။ သမိုင်းအရ ဆင်လှူပွဲပြုလုပ်ရာကနေ တစ်ဆင့်တစ်ဆင့် အဆင့်မြင့်လာခဲ့ပြီး ဆင်ကပွဲနဲ့ ဆင်အကပြိုင်ပွဲကိုပါ တွဲပြီးကျင်းပလာကြတာပါ။

ဆင်အကဟာ ဆင်ရုပ်ထဲလူဝင်ပြီးတော့ ခြေလေးမြှောက်၊ လက်ကလေးမြှောက်၊ ခေါင်းကလေးယမ်းရုံလောက်ပဲ မဟုတ်ဘူးဆိုတာကို ကျောက်ဆည်သားတွေဟာ ဆင်အကပြိုင်ပွဲကနေတစ်ဆင့် ထုတ်ဖော်ပြသလေ့ရှိပါတယ်။

နှစ်စဉ်လိုလို ခေတ်ပေါ်အကဆန်းတွေနဲ့တွဲဖက်ပြီးတော့ ဆင်ရုပ်ထဲကနေ အနုပညာကို လှစ်ဟပြသသွားတဲ့ ပြိုင်ပွဲဝင်ဆင်တွေ ရှိပါတယ်။ ဆင်အကရဲ့ ရင်သပ်ရှုမောစရာ အကအလှတွေဟာ စာစီကုံးလို့ပင် မမှီနိုင်ပါဘူး။

 “ ရွှေသာလျောင်း…..ရွှေသာလျောင်း….” ဓာတ်စက်ကနေထွက်ပေါ်လာတဲ့ သီချင်းသံက ဆင်တွေရဲ့ ခေါင်းယမ်းနေပုံနဲ့ အချိုးညီညီ ပြေပြေပြစ်ပြစ်။ အကောင် ၂၀ ကျော်လောက်ရှိမယ့် ဒီဆင်တွေက ဘယ်ကနေရောက်လာတာလဲဆိုတော့ ကျောက်ဆည်နဲ့ အနီးတဝိုက်ကပါ။

https://picture.myanmaplatform.com/w/a/2019/03/28/1553759308959.jpg

ဆင်တွေဝိုင်းကြီးပတ်ပတ်လုပ်တာပြီးသွားတော့ သီချင်းသံလည်းရပ်သွားပါတယ်။ သိပ်မကြာခင်မှာပဲ ကြေညာသံထါက်ပေါ်လာပြီး ပြိုင်ပွဲဝင်မယ့်ဆင်ကို စင်ပေါ်ကိုတက်လာပါတယ်။

အတန်အသင့်ကျယ်ဝန်းသော စင်မြင့်ပတ်ပတ်လည်တွင် အဆင်ဒီဇိုင်းစုံလင်လှသော ဆင်များက ခေါင်းကလေးယမ်းကာယမ်းကာဖြင့် ပတ်ချာလည်လှည့်နေပါတယ်။ တစ်ချို့ဆင်တွေက အမည်းရောင်ဗြောင်တွေ၊ တစ်ချို့ကတော့ ရွှေချည်ငွေချည်ဘော်ကြယ်တွေနဲ့။ ဝါး၊ကတ်ထူစက္ကူ၊ အဝတ်စတို့နဲ့အနုပညာမြောက် ဆင်ပုံသဏ္ဍာန်ကိုယ်ထည်အောက်က လူနှစ်ဦးရဲ့ ဟန်ချက်ညီလှုပ်ရှား ဟန်က ကြည့်နေရသူအဖို့ ရင်သပ်ရှု့မောဖွယ်ရာ။ ဒါကတော့ မစိမ်းတဲ့  ကျောက်ဆည်ဆင်ပွဲတော်ပွဲက မြင်ကွင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရာသီအလိုက်ပွဲတော်တွေပြုလုပ်တိုင်း ဆင်နဲ့ပတ်သက်တဲ့ အက၊ အလှတစ်မျိုးမျိုး ပါဝင်တတ်လေ့ရှိကြပါတယ်။

ဆင်အကပြိုင်ရာမှာ ရိုးရာအမွေအဖြစ်အစဉ်အဆက် ဆင်နွှဲလာတဲ့ စည်းကမ်းချက်တွေအပြင် အချို့စည်းကမ်းတွေကို ပြောင်းလဲတာ၊ ထပ်တိုးတာတွေ ရှိပေမယ့် သမားစဉ်အရ ပြိုင်ပွဲဝင်ရပါတယ်။

သမားစဉ်ကိုသတ်မှတ်ရာမှာတော့ ဘုရားကန်တော့၊ နတ်ပင့်၊ ဆင်ကြိမ်း၊ လေးခင်းအက၊ အရိုင်က၊ ဗုံထောက်၊ စိတ်ကြိုက်သီချင်း အစီအစဉ် စသဖြင့် ခုနစ်မျိုးကို တစ်ဆင့်ချင်း သရုပ်ဖော် ယှဉ်ပြိုင်ရမယ်လို့ ဆိုပါတယ်။

ဆင်အကပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ ဆင်အကအနုပညာ တစ်ရပ်တည်း မဟုတ်ဘဲ အဆို၊ အက၊ အတီး၊ ပန်းချီ၊ ဖန်တီးမှု စတဲ့အနုပညာရပ်တွေ ပေါင်းစပ်ပါဝင်နေတဲ့ အနုပညာပြိုင်ပွဲ တစ်ခုသဖွယ် ဖြစ်နေခြင်းပါပဲ။

ဒိုင်တွေအနေနဲ့ အမှတ်ပေးတဲ့အခါမှာ ဆင် အက၊ ဆင်ဦးစီး သရုပ်ပြ၊ သီချင်းအဆို၊ အတီး စတာတွေကနေ အဖွဲ့ဝတ်စားဆင်ယဉ်မှု စသဖြင့် အချက်ရှစ်ချက်အပေါ် မူတည်ပြီးတော့ အမှတ်ပေး အကဲဖြတ်ရပါတယ်။ 

ဒီလိုထူးခြားမှုမျိုးတွေ၊ စနစ်ကျမှုမျိုးတွေကြောင့် မြန်မာနိုင်ငံကသာမက နိုင်ငံတကာက ခရီးသွားဧည့်သည်တွေပါ နှစ်ခြိုက်သဘောကျတဲ့ ရိုးရာပွဲတော်အဖြစ် ရပ်တည်လာခဲ့တာ ရာစုနှစ်တွေနဲ့ချီနေပါပြီ။ ဒီအခြေအနေကို ဆက်ပြီးထိန်းသိမ်းထားနိုင်ပါ့မလား။

ဒီမေးခွန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတည်းက ပေါ်ထွက်လာတဲ့မေးခွန်းပါ။ တစ်စတစ်စမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းဟာ ဆင်အကအလှရဲ့ အနုပညာ ပြောင်မြောက်နို င်ခြင်းအတွက် အတားအဆီးတစ်ခု ဖြစ်လာနေပါပြီ။

ဆုကြေးပေးတဲ့ပြိုင်ပွဲဖြစ်တယ်ဆိုပေမယ့် အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ငွေကျပ် ၁၀ သိန်းဆိုတာဟာ ဆင်ရုပ်ပြင်ဆင်တဲ့ စရိတ်ကိုကာမိဖို့တောင် မလွယ်လှပါဘူး။ ဒီအခြေအနေတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ပြိုင်ပွဲဝင်ဆင်တွေ လျော့ကျလာခဲ့တာဟာ ဒီနှစ်မှာဆိုရင် (၂၀၁၈) အကောင် ၂၀ သာဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတော့တယ်။

MRTV – 4 ကပြုလုပ်တဲ့ Myanmar Got Talent မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဧရာမောင် ဆင်အကအလှ အဖွဲ့ရဲ့တင်ဆက်မှုတုန်းကလည်း ဒီကျောက်ဆည်ဆင်အကကို ရှုမဆုံးအောင် ကြည့်ခွင့်ရခဲ့ကြပါတယ်။ ဒီလိုအကအလှတွေအပြင် အခြားသောဆန်းသစ်လှတဲ့ အကတွေကို ဒီကျောက်ဆည်ဆင်ကပွဲမှာ တွေ့မြင်နိုင်ပါတယ်။

ဒီလိုနိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့ ရိုးရာယဉ်ကျေးမှုကို မြင့်မားသထက် မြင့်မားလာအောင်၊ တိုးပွားသထက် တိုးပွားလာအောင် ဆောင်ရွက်ခြင်းဟာ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုရုံ သာမက အခြားသောအကျိုးကျေးဇူးတွေလည်း ရရှိနိုင်မယ် မဟုတ်ပါလား။

ရိုးရာဓလေ့နဲ့ ဆင်အကကို ချစ်မြတ်နိုးလွန်းလို့ ခြစ်ကုတ်ရပ်တည်နေကြရတဲ့ ဆင်အကအဖွဲ့တွေဟာ နောက်ထပ် ဘယ်နှနှစ်ထိ တောင့်ခံနိုင်ဦးမှာလဲ။ ဒီအတွက် ဘာတွေလုပ်သင့်ပြီလဲ။ ဘယ်သူတွေက တာဝန်ယူဆောင်ရွက်သင့်တာလဲဆိုတာ အဖြေရှာဖို့ လိုအပ်နေပါပြီ။ 

ဆင်လှူပွဲတော် ဖြစ်ပေါ်လာပုံကလည်း သမိုင်းကြောင်း ရှည်လျားလှပါတယ်။ လယ်တွင်းကိုးခရိုင် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတည်ထောင်သူ အနော်ရထာဘုရင်မင်းမြတ်ရဲ့ အမွေကို လက်ဆင့်ကမ်းလာခြင်းလည်းဖြစ်ပါတယ်။ 

အနော်ရထာမင်းကြီးဟာ သီဟိုဠ်ဘုရင်ဓာတုသေနမင်းထံကနေ ပင့်ဆောင်ရရှိခဲ့တဲ့ ဂေါတမမြတ်စွာဘုရားရဲ့ လက်ဝဲအောက်စွယ်တော်ပွားကို ဆင်မယဉ်သာ(ဆင်ဖြူ)ပေါ်ကိုတင်ပြီး အဓိဋ္ဌာန်ပြု စေလွှတ်တော်မူပါတယ်။ 

အဲဒီဆင်မယဉ်သာဟာ စွယ်တော်ကိုပွားများရင်း  ရွှေစည်းခုံပစ္စယံသုံးဆင့်၊ တန့်ကြည်တောင်၊ လောကနန္ဒာဆိပ်ကမ်း၊ တူရွင်းတောင်ဖျား၊ မြင်စိုင်းနယ် ကျောက်ဆည်တည်ရာ သာလျောင်းတောင်တော်ထိပ်၊  သံရွာနယ်တောင်တော်တောင်ထိပ်၊ ခရွေတောင်ထိပ် စတဲ့နေရာတွေမှာ ဝပ်တွားခဲ့တာကြောင့် အဲ့ဒီနေရာတွေမှာ စေတီတွေတည်ထား ကိုးကွယ်ခဲ့ကြပါတယ်။ 

1553759637551.jpg

အနော်ရထာမင်းဘကီးဟာ စွယ်တော်တင်သော ဆင်မယဉ်သာ(ဆင်ဖြူ)ကိုလည်းငါကဲ့သို့ အမှတ်တရဆင်ရုပ်တို့ဖြင့် လှူဒါန်းပူဇော်အမျှဝေပေးကြရန် အဓိဠာန်ထားခဲ့ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လမှာ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့်အတူ ဆင်လှူပွဲတော်လုပ်ခဲ့ကြတာပါ။ 

ဆင်လှူပွဲကို အစက ဆွမ်းတော်ကြီးကပ်ပွဲမှာ မုန့်ရုပ်ဆင်တွေထည့်လှူဒါန်းရာကနေ နောက်ပိုင်းမှာ စက္ကူ၊ အဝတ်စ စတာတွေနဲ့ပြုလုပ်ထားတဲ့ အရုပ်ဆင်တွေကိုပါ ထည့်သွင်း လှူဒါန်းလာကြပါတယ်။ အဲဒီကနေတစ်ဆင့် လူဝင်ပြီးကရတဲ့ မြေနင်းဆင်ကို ၁၉၂၅ ခုနှစ်မှာ ကျောက်ဆည်မြို့ညောင်ခြောက်ပင်ရပ် "ဆရာငယ်"ကနေ "နွဲ့ဆိုး" ဆိုတဲ့အမည်နဲ့ စတင်ဖန်တီးခဲ့ပါတယ်။

ဒီလိုအစဉ်အဆက် ဆင်လှူပွဲ၊ ဆင်ကပွဲစသဖြင့် စုံလင်လာခဲ့တာဟာ အနော်ရထာမင်း လက်ထက်ကတည်းကဆိုတော့ နှစ်ပေါင်း(၉၀၀)ကျော်ကြာ နှစ်စဉ်ရိုးရာမပျက် ထိမ်းသိမ်းစောင့်လျှောက်နိုင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။

သီတင်းကျွတ်ရာသီမှာ ဘုရားဖူးခရီးတွေထွက်လေ့ရှိတဲ့သူတွေအတွက် ဒီဆင်ကပွဲဟာ သွားကိုကြည့်သင့်တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆင်ပွဲကြည့်ပြီးသွားရင် "ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား"၊ ကျောက်ဆည်အနောက်ဘက်မှာရှိတဲ့ နာမည်ကျော် "ရှင်ပင်ရွှေဆပ်သွားဘုရား"၊ ကျောက်ဆည်အနောက်ဘက်က နာမည်ကြီး "တမုတ်ရွှေဂူကြီး ဘုရား" တွေအပါအဝင် စဥ့်ကိုင်မြို့ အရှေ့ ဘက်ရှိ မက္ခရာ မြို့ဟောင်း ဘုရားတွေကို  ဆက်ပြီးဖူးမြော်လို့ရသေးတာကြောင့်ပါ။

ဘုရားဖူးထွက်ပါ။ ဆင်အကပြိုင်ပွဲကြည့်ပါ။ ရိုးရာဓလေ့ကိုဆက်လက် ထိန်းသိမ်းနိုင်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ကြဖို့ ဆန္ဒပြုရင်း….။


comments

There is no comment

Publish reply