Myanmar Platform

ပိုနစ်တဲ့နွံ့ (သို့မဟုတ်) နယ်ကျော်ကျောင်းပြောင်း

မော်လေး 2019-06-11 247

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်။ တစ်နည်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲ့ အစွန်ဘက်မှာတည်ရှိတဲ့ ဒဂုံတက္ကသိုလ်တည်ရှိရာမြို့။ မိုးကြီးရင်ရေလျှံပြီး ခြုံမရှင်းနိုင်လို့ ခြင်ပေါတဲ့မြို့။ သွားရေးလာရေး လွယ်ကူသလောက် မြွေတွေပေါပေါများများရှိတဲ့မြို့။ 

အဲဒီမြို့ကလေးရဲ့ ဆင်ခြေဖုံးရပ်ကွက်ကလေးတစ်ခုမှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်း။  ကျောင်းဆောင်ရဲ့ လူနှစ်ယောက်ရှောင်သာရုံ ကော်ရစ်တာလေးထဲမှာ အဖြူအစိမ်းဝတ်ကျောင်းသား အချို့နဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ မတ်တပ်မတ်တပ်။

“ ကျွန်မကို ၁၂ နာရီဆို ကျောင်းအပ်လက်ခံမယ်ပြောထားတာ ” ကျောင်းသား ငါးယောက်ကိုကျောင်းအပ်မယ့် ဘော်ဒါဆောင် သေးသေးလေးဖွင့်ထားတဲ့ အမျိုးသမီးက သူ့ဘေးမှရပ်နေတဲ့ ခပ်ဝဝ ထောင်ထောင်မောင်းမောင်း အမျိုးသမီးကြီးကို တိုင်သလိုလေး ပြောလိုက်ပါတယ်။

ခရမ်းရောင်ချည်ပေါင်းသား ဝမ်းဆက်ဝတ်ထားတဲ့ ပုပုပိန်ပိန် အသက် ၅၀ ဝန်းကျင်ရှိနေတဲ့ အမျိုးသမီးကြီး ဆီကနေ “ ဒီနေ့တော့အဆင်ပြေမှဖြစ်မယ် ” ဆိုတဲ့ ခပ်တိုးတိုးညည်းသံဟာ နားသယ်စပ်နားက ချွေးတွေကိုသုတ်လိုက်ခြင်းနဲ့အတူ ထွက်ပေါ်လာပါတယ်။ 

ဇွန်လ ဒုတိယပတ်အစရဲ့ မိုးဖွဲလေးတွေနဲ့ သစ်ပင်ခြုံနွယ်တွေကို ဖြတ်တိုက်လာတဲ့ လေနုလေညှင်းလေးတွေက သူတို့တွေကို မအေးမြစေနိုင်ပါ။ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ မျက်နှာဟာလည်း ပြုံးရွှင်နေတာမျိုး မဟုတ်ကြပါဘူး။ 

ဇွန်လ ၇ ရက်။ သောကြာနေ့။ မိုးဖွဲဖွဲလေးနဲ့ နေ့လည်ခင်းလေးဟာ ငိုက်မျည်းချင်စရာကောင်းပေမယ့် ဒီအမျိုးသမီးတွေရဲ့ စကားဝိုင်းကြောင့် ရုတ်တရက်စိုပြေလာခဲ့ပါတယ်။ သူတို့က တစ်ခြားကျောင်းကနေ ဒီကျောင်းကိုပြောင်းရွေ့တက်ရောက်ကြမယ့် ကျောင်းသားတွေရဲ့ မိဘတွေ၊ အုပ်ထိန်းသူတွေပါ။

ရန်ကုန်တို်င်းဒေသကြီးအတွင်းမှာ နယ်ကျော်ကျောင်းအပ်လက်မရဆိုတဲ့ တင်းကြပ်လိုက်တဲ့ စည်းကမ်းတွေကြောင့် ကျောင်းပြောင်းရွေ့ပြီး ကျောင်းအပ်ရာမှာ အရင်ကလောက် ချောမွေ့ပြေပြစ်မှုတွေ မရှိတော့ပါဘူး။ ယခင်က ကျောင်းပြောင်းလက်မှတ်မရသေးတဲ့ ကျောင်းသားတွေကို ယာယီကျောင်းအပ်လက်ခံ ပေးပေမယ့် ဒီနှစ်မှာတော့ ကျောင်းပြောင်း လက်မှတ်ပါမှ တစ်ခါတည်းလက်ခံတဲ့ အနေအထားကို ပြောင်းလဲသွားတာပါ။ 

“ ကျွန်မဆိုရင် ထောက်ခံစာတွေဘာညာ အကုန်အပြည့်အစုံပဲ။ ယာယီသန်းခေါင်စာရင်းက ခြောက်လမပြည့်သေးလို့တဲ့ ” အမျိုးသမီး ဝဝကြီးကတော့ ပြောနေရင်း ဒေါသထွက်လာပုံပါပဲ။ ညစ်ညမ်းစကားလုံးတွေပါ ထွက်ကျလာခဲ့ပါပြီ။

အစိုးရရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေထဲမှာ  နယ်ကျော် ကျောင်းအပ်လက်မခံခြင်းက အလှုပ်ခတ်ဆုံး ပြဿနာဆိုရင်လည်း မမှားပါဘူး။ကျောင်းသားနဲ့ ဆရာအချိုး၊

ကျောင်းသားနဲ့ စာသင်ခန်းအချိုးမျှစေဖို့၊ လာဘ်စားမှုများ မဖြစ်ပေါ်ဖို့၊ ယာဉ်ကြောကျပ် တည်းမှုလျော့ချပြီး ကျောင်းသားကျောင်းသူတွေကို တည်နေရာအလိုက် ကျောင်းနယ်မြေသတ်မှတ်ပြီး နယ်ကျော် ကျောင်းအပ် လက်မခံသည့်စနစ်ကို ချမှတ်လိုက်တာပါ။

တစ်နေ့ကို နှစ်ချိန်တက်ကျောင်းရဲ့ နေ့လည်ခင်း ၁၂ နာရီဟာ မနက်ပိုင်းကျောင်းသားတွေကို ကျောင်းလွှတ်ပြီး ညနေပိုင်းကျောင်းသားတွေအတွက် ကျောင်းတက်ချိန်ပါ။ ကျောင်းသားတွေအုပ်လိုက်ကျောင်းဆင်းသွားကြပြီး နောက်ကျောင်းသားတွေ အုပ်လိုက်စာသင်ခန်းထဲဝင်သွားတဲ့ အချိန်အထိ မတ်တပ်မတ်တပ်လူတွေက မတ်တပ်မတ်တပ်ရှိနေဆဲပါပဲ။

“ဟုတ်တယ် ကျွန်မကိုရောပဲ ” လို့ထောက်ခံရင်း ခရမ်းရောင်ဝမ်းဆက်နဲ့ အမျိုးသမီးက စကားဝိုင်းဆီကို ဝင်လိုက်ပါတယ်။ 

“ လိုတာတွေကို တစ်ခါတည်းပြောပေါ့။ ခုတော့ တစ်ခါလာ တစ်ခုလိုနဲ့ ကျွန်မဆို အလုပ်ကခွင့်ယူရတာ တစ်ပတ်ရှိပြီ ” လို့ ခရမ်းရောင်ဝမ်းဆက် အမျိုးသမီးကြီးက မျက်မှောင်ကုတ်ရင်း ဆိုပါတယ်။

ဘော်ဒါဆောင် အမျိုးသမီးလေးက မျက်လုံးပြူးရင်း “ အမလေး။ ကျွန်မဆိုရင် ဘော်ဒါဆိုတော့ ကလေးတစ်ယောက် နှစ်သောင်းနှုန်းနဲ့ပေးထားရတာတောင် ခုထိအပ်လို့မရသေးဘူး ” လို့ သူ့ကြုံတွေ့ရတာကို ပြောပြလာပါတယ်။

မွန်းလွဲ တစ်နာရီကျော်သွားချိန်မှာတော့ ကျောင်းအပ်လက်ခံတဲ့နေရာကို တာဝန်ကျဆရာမတွေေ ရာက်ရှိလာပါပြီ။ ရေနွေးခွက်င်ထားတဲ့ အသက် ၃၀ ဝန်းကျင်ဆရာမက ညနေပိုင်းကျောင်းတက်ရမယ့် ကလေးတွေအရင်အပ်ပါလို့ ခေါ်ပါတယ်။

ခုနက စကားဝိုင်းဖွဲ့နေတဲ့ အမျိုးသမီးတွေအပါအဝင် အုပ်ထိန်းသူတွေဟာ အချိုဆုံးသော မျက်နှာထားတွေနဲ့ ဆရာမနှစ်ဦးရှေ့မှာ တန်းစီရပ်လိုက်ကြပါတယ်။ အဋ္ဌမတန်း၊ သတ္တမတန်း၊ဆဋ္ဌမတန်း နာမည်နဲ့ ကျောင်းဝင် အမှတ်တွေကို တန်းစီရေးသား မှတ်သားရင်း တစ်ယောက်ပြီးတစ်ယောက် စာသင်ခန်းထဲကိုဝင်စေပါတယ်။ 

အချက်အလက်မပြည့်စုံတဲ့သူတွေကို (သန်းခေါင်စာရင်းမပါ) လာမယ့် တနင်္လာနေ့ အချက်အလက်တွေနဲ့ ထပ်လာအပ်ဖို့ပြောရင်း ယာယီလက်ခံပေးပါတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ အဲဒီနေ့မှာမှ အပ်ဖို့မစုံသေးရင် ယာယီလက်ခံထားတာကိုပါ ဖြုတ်မှာပါ။

“ဟယ်။ ငါးတန်းလား။ ပြဿနာပဲ ” ရေနွေးခွက်နဲ့ ဆရာမက ရုတ်တရက် အော်လိုက်ပါတယ်။ “ ငါးတန်း။ ဘယ်လိုလုပ်ကြမလဲ ” ဘေးကဆရာမ အငယ်လေးကပါ မျက်လုံးပြူးနဲ့ လိုက်အော်ပါတယ်။ အကြောင်းရင်းကတော့ အလယ်တန်းကနေစတဲ့ ဒီကျောင်းမှာ ပဉ္စမတန်း တစ်နည်းအားဖြင့် G – 6 ကျောင်းသားတွေ အရမ်းများနေတာကြောင့်ပါ။

“ နေရာတွေက မရှိတော့ဘူး။ ပြည့်ရုံတင်မဟုတ်ဘူး ကြပ်ညပ်နေပြီ ” ဆရာမတွေ အချင်းချင်း ပြောနေကြတဲ့စကားတွေက ကျောင်းသားမိဘရင်ကို တည့်တည့်ထိပါတယ်။ 

ခပ်ဝဝ အမျိုးသမီးက မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ဆရာမတွေကိုကြည့်ရင်း “ လုပ်ပါ ဆရာမရယ်။ ကလေးက ဒီမှာအပ်လို့မရရင် ဒီနှစ်ကျောင်းနားရတော့မယ့် အခြေအနေဖြစ်နေပြီ (သန်းခေါင်စာရင်း ပြဿနာကြောင့်) ” လို့ ပြောရင်းရှိုက်သံထွက်လာပါတယ်။

“ ခုမှငိုမနေနဲ့။ ကိုယ့်ကလေးကိစ္စပဲ စောစောစီးစီးကတည်းကလုပ်ပါလား ” ရေနွေးခွက်နဲ့ ဆရာမက ဒေါသမပါပေမယ့် စိတ်ရှုပ်တဲ့အမူအယာနဲ့ ဖိဟောက်ပါတယ်။ နောက်ထပ်အတန်းတူကလေးတွေကိုပါ ခေါ်လိုက်ပြီးတော့ အချက်အလက်စုံတဲ့ကလေးတွေကို လက်ခံပေးလိုက်ပါတယ်။

“ကျွန်မပြောမယ် သေချာနားထောင်ကြပါ။ စာသင်ခန်းက တစ်ခန်းကို ကျောင်းသား ငါးဆယ်ဆိုတာ အလွန်ဆုံးပဲ။ အခု တစ်ခန်းကို ရှစ်ဆယ်ကျော်ထားရတယ်။ ဒီတော့ ကလေးတွေအတွက် အခက်အခဲ ပြဿနာရှိမယ်။ မိဘတွေကပါ ပူးပေါင်းဖြေရှင်းပေးဖို့လိုတယ်။ မှတ်ထားကြနော် ” လို့ ဆရာမ အငယ်လေးက  ပဉ္စမတန်းတက်မယ့်သူတွေရဲ့ အုပ်ထိန်းသူတွေကို မှာနေပါတယ်။

ကျောင်းအပ်သူတွေ ရှင်းသလောက်ရှိသွားချိန်မှာတော့ ဆရာမတစ်ယောက်ရောက်လာခဲ့ပါတယ်။ အချင်းချင်းနာမည်တွေခေါ်ပြောနှုတ်ဆက်ကြရင်း နောက်မှရောက်လာတဲ့ ဆရာမက ကျောင်းသား သုံးယောက်စာ ဖောင်သုံးစောင်တောင်းပါတယ်။

“ ဟုတ်လှချည်လား ”။ “ ခိုင်နေတယ်ပေါ့ ”။ “ ပွဲလေးတော့လုပ်လိုက်တော့ ” စသဖြင့်သော စကားတွေကို ဖောင်လာတောင်းတဲ့ဆရာမက “ ခိုင်ဖို့ဆိုတာ မျက်နှာပြောင်တိုက်တတ်ဖို့တော့ လိုတာပေါ့လို့ ” တုန့်ပြန်လိုက်တဲ့အခါ အခန်းထဲမှာ ရယ်သံတွေလွှမ်းသွားတော့တာပါပဲ။

ဆရာ၊ဆရာမတွေနည်းတူ ဒီအမိန့်ေ ကြညာချက်ရဲ့ နောက်ဆက်တွဲ လာဘ်ပေးလာဘ်ယူခွင့်ပိုမိုရရှိသွားသူတွေကတော့ လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဖြစ်တယ်ဆိုလည်းဆိုကြပါတယ်။

တစ်ချို့ကျောင်းသားမိဘတွေက ကျောင်းပြောင်းတဲ့ကိစ္စကို အလွယ်လေးရှင်းလင်းနိုင်ပါတယ်။ သူတို့ကလေးတွေတက်မယ့် စာသင်ခန်းက အတန်းပိုင်ကို ချည်းကပ်ပြီး ကိုယ့်ကလေးအပါအဝင် ကျောင်းသားသုံးလေးယောက်ကိုစုပြီးတော့ အဲဒီဆရာမဆီမှာ ကျူရှင်အပ်ကြပါတယ်။ 

ကျူရှင်လို့ခေါ်တဲ့ ဝိုင်းလေးမှာ ကျောင်းသားတစ်ယောက်ကို အနည်းဆုံး တစ်လနဲ့ထားလိုက်ကြတဲ့အခါ ကျောင်းပြောင်းလက်မှတ်ကလွဲရင် တစ်ခြားသော အထောက်အထားတွေ ဘာမှမလိုအပ်တော့ပါဘူး။ တစ်လတစ်သိန်းမတတ်နိုင်တဲ့ အုပ်ထိန်းသူတွေနဲ့ ဒီနည်းလမ်းကိုမသိတဲ့သူတွေကတော့ တင်းကြပ်လိုက်တဲ့ စည်းကမ်းအောက်မှာ ပြားပြားကိုမှောက်နေတော့တာပါပဲ။

ကျောင်းတက်ရက် တစ်ပတ်ကျော်တဲ့အထိ ကျောင်းအပ်လို့မရသေးတဲ့ ကျောင်းသားတွေအတွက် အုပ်ထိန်းသူတွေရဲ့ စိုးရိမ်သောကဟာ သေးသေးလေးတော့ မဟုတ်တန်ပါဘူး။

နယ်ကနေပြောင်းလာရတဲ့ ကလေးတွေအတွက် ကျောင်းပြောင်းလက်မှတ်ဆိုတာကလည်း အလွယ်တကူရနိုင်တဲ့အရာ မဟုတ်ပါဘူး။ (ကျောင်းအုပ်ကြီးတွေ တာဝန်ကျနေရာကို ပြန်မရောက်ကျသေးလို့)

ဒီလက်မှတ်ရလာချိန်ဟာ အများအားဖြင့် ကျောင်းဖွင့်ချိန်ဖြစ်နေတာကြောင့် တစ်ခြားသော တော်ရုံပြည်သူတွေ မသိနိုင်တဲ့ ကျောင်းပြောင်း(နယ်ကျော်) ကျောင်းအပ်ခြင်း လုပ်ငန်းစဉ်တွေဟာ ကျောင်းသားနဲ့ အုပ်ထိန်းသူတွေကို တော်တော်လေး အခက်တွေ့စေပါတယ်။

အခမဲ့ပညာရေးစနစ်ရယ်လို့ကြွေးကြော်ထားတဲ့ အစိုးရအနေနဲ့ ဒီအခြေအနေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့်တင်းကြပ်လိုက်သည်ဖြစ်စေ မဖြေရှင်းနိုင်ပဲ ဒီလိုသာနှစ်တိုင်း ဖြစ်နေမယ်ဆိုရင်တော့ ကျောင်းသားမိဘတွေအတွက် မလိုအပ်ပဲ ကုန်ကျစရိတ်တွေပိုများတဲ့၊ ပိုနစ်တဲ့နွံတစ်ခု ဖန်တီးပေးထားတာနဲ့ တူနေမှာပါ။

ကျောင်းအပ်တဲ့ကိစ္စတွေပြီးစီးလို့ အမျိုးသမီးတွေပြန်ကြတဲ့အချိန်ဟာ ညနေ ၃ နာရီကျော်နေပါပြီ။ ဘော်ဒါအမျိုးသမီးနဲ့ ခရမ်းရောင်ဝမ်းဆက် အမျိုးသမီးတို့ စကားပြောရင်းကျောင်းမုခ်ဝကို ထွက်လိုက်ချိန်မှာတော့ အမျိုးသမီး ဝဝကြီးကို ငိုလျှက်သားတွေ့လိုက်ရပါတယ်။

“ ဟယ်။ အစ်မ။ ဘာဖြစ်လို့လဲ ” အသံနှစ်သံက တစ်ဆက်တည်းထွက်လာပြီးနောက်မှာတော့ “ ဝမ်းသာလို့ပါအေ။ ဝမ်းသာလို့ပါ။ ငါ့မှာကျောင်းအပ်လို့ရအောင် သန်းခေါင်စာရင်းကို တစ်သိန်းခွဲတောင် အကုန်ခံပြီး လုပ်ထားရတာ ” ပြောရင်း မျက်ရည်သုတ်လိုက်ပါတယ်။ 

ပြီးတော့ “ ခုနက ကျောင်းသားတွေပြည့်သွားပြီဆိုတော့ ငါ့ကလေး ကျောင်းတစ် နှစ် အောက်ပြီထင်လိုက်တာတော်ရေ ” လို့ပြောရင်း မျက်ရည်တွေနဲ့ ရယ်ချလိုက်ပါတယ်။


comments

There is no comment

Publish reply