Myanmar Platform

ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဝက်ဘ်ဆိုက်တွေရဲ့ကဏ္ဍ

မော်လေး 2019-05-15 68

နည်းပညာတွေနဲ့နေထိုင်ကြတဲ့ ၂၁ ရာစုလူငယ်အများစုအတွက် အင်တာနက်ဆိုတာဟာ ဣစာသရ ဟင်းလေးအိုးကြီးပါပဲ။ တစ်စုံတစ်ခုကိုသိချင်ရင် အင်တာနက်မှာရှာကြည့်ပါလားဆိုတဲ့ စကားကို လူငယ်တွေ အသုံးပြုနေခဲ့တာ ဆယ်စုနှစ်တစ်ခုဆီကို ချည်းကပ်လာပါပြီ။ 

အင်တာနက်ကို အသုံးပြုတတ်တယ်ဆိုတာဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် မထူးဆန်းတဲ့ ကိစ္စရပ်ဆိုပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲကာလ ကြာမြင့်တဲ့ နိုင်ငံအတွက်တော့ ဒါဟာအသိမှတ်ပြုစရာ ပညာရပ်တစ်ခုဖြစ်နေဆဲပါပဲ။ 

ဒါပေမယ့် မြန်မာ့လူငယ်ထုက အင်တာနက်ကို ဘယ်လောက်ထိသိပြိး ဘယ်လိုတွေ အသုံးပြုနေပြီလဲ။ မြန်မာနိုင်ငံမှာ အင်တာနက် လို့ပြောလိုက်ရင် အများအားဖြင့် Facebook တို့ Twitter တို့ကိုပြေးမြင်ကြလေ့ရှိပါတယ်။ 

တကယ်ကိုလည်း ဒီလူမှုကွန်ရက်စာမျက်နှာတွေဟာ မြန်မာနိုင်ငံမှာ တွင်ကျယ်စွာ အသုံးပြုခြင်းခံနေရတာပါ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အနုပညာဆိုင်ရာ ကိစ္စရပ်တွေ စသဖြင့်သော အကြောင်းအရာတွေ အများကြီးကို ဒီနေရာကနေ ရှာဖွေလေ့ရှိကြပါတယ်။ ပြီးတော့အမှန်တကယ်လည်း အသုံးဝင်ပါတယ်။ 

ဒီလိုအသုံးဝင်တယ်ဆိုတာနဲ့ပဲ ကျေနပ်နေသင့်ပြီလား။ အင်တာနက်မှာ ဒီထက်ပိုမို အသုံးဝင်တဲ့အရာတွေ မရှိတော့ဘူးလား။ အခြားသောအရာတွေကရော ထိတွေ့သုံးစွဲသင့်တဲ့အရာတွေ မဟုတ်တော့ဘူးလား။

ဒီလိုမေးခွန်းမျိုးရှိလာရင်တော့ အများအားဖြင့် GOOGLE ကိုညွှန်းကြပါလိမ့်မယ်။ GOOGLE ကနေ ကိုယ်လိုချင်တဲ့ အချက်အလက်ကို အထောက်အထားမြောက်များစွာနဲ့ ရှာဖွေနိုင်ပါတယ်။ နောက်တစ် ကိုယ်ဥာဏ်စွမ်းရှိသလောက် ချဲ့ထွင်အသုံးပြုနိုင်ပါတယ်။

GOOGLE ကနေ ဒီလိုအချက်အလက်တွေရှာပြီဆိုရင် အများဖြင့် ဝဘ်ဆိုက်တွေကို GOOGLE ကပြန်ညွှန်းပါတယ်။ ဥပမာ - မင်းရှာနေတဲ့ ပုံကို ဘယ်ဝက်ဘ်ဆိုက်မှာတော့ တင်ထားတယ်ဆိုတာမျိုးပေါ့။

ဒီတော့ လူငယ်တွေနဲ့ အင်တာနက်ကိုကျယ်ပြန့်စွာ အသုံးပြုလိုသူတွေဟာ ဝက်ဘ်ဆိုက်ဆိုင်ရာ သဘောတရားကိုလည်း သိထားဖို့လိုပါတယ်။ ပုံမှန်အားဖြင့် Facebook ကနေလည်း ဝက်ဘ်ဆိုက်ကိုညွှန်းတာတွေရှိပေမယ့် နောက်တစ်ဆင့်ပြန်ဝင်ရတဲ့ အလုပ်ကို လူအများစုက မလုပ်ချင်ကြတဲ့အခါ ဝက်ဘ်ဆိုက်တွေဆီကို မရောက်တတ်ကြတော့ပါဘူး။

စီးပွားရေးလုပ်ငန်းတွေ၊ လူသားအကျိုးပြုလုပ်ငန်းတွေ၊ နိုင်ငံရေးလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ဆက်ဆံပြီး အလုပ်လုပ်ရတော့မယ်ဆိုတဲ့အခါ ဝက်ဘ်ဆိုက်သုံးတတ်မှုနဲ့ ဝက်ဘ်ဆိုက်ရှိမှုဟာ အလုပ်ကိစ္စတွေအတွက် အများကြီးအကျိုးရှိစေပါတယ်။ 

ဝက်ဘ်ဆိုက်လိပ်စာကို အင်တာနက်ပေါ်မှာ https://www.myanmaplatform.com/news/71.html ဒီလိုဖော်ပြလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာ www. လို့ခံပြီးတော့ ကိုယ်ရှာချင်တဲ့လိပ်စာကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။

သူ့ရဲ့အားသာချက်ကတော့ Facebook လိုမျိုး ပို့စ်တွေအများကြီးကြားထဲက လိုက်ရှာစရာမလိုပဲနဲ့ သီးသန့်အခန်းကဏ္ဍလေးတွေ ခွဲထားလို့ရတာပါပဲ။ ဥပမာ - မြန်မာ့ပလက်ဖောင်း ဝက်ဘ်ဆိုက်ထဲကိုဝင်လိုက်ရင် သတင်းတွေဖတ်ချင်တာလား၊ ဆောင်းပါးလား၊ ခရီးသွားလား၊ ဖျော်ဖြေရေးလား၊ အားကစားလား စသဖြင့်ကဏ္ဍတွေခွဲထားပါတယ်။ အဲ့ဒီအောက်မှာ ကိုယ်ဘယ်ကဏ္ဍက အချက်အလက်ကိုရှာချင်တာလဲအပေါ် မူတည်ပြီးတော့ ဝင်ရှာလိုက်ရုံပါပဲ။ 

ဒီအားသာချက်တွေဟာ လုပ်ငန်းလုပ်ကိုင်ရာမှာ။ ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်ရာမှာ အများကြီးအသုံးဝင်တဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံကလူတွေက အလုပ်တစ်ခုခုနဲပ လက်တွဲတော့မယ်ဆိုရင် ဝက်ဘ်ဆိုက်ရှိလားဆိုတာကို အဓိကထားမေးမြန်းလေ့လာကြပါတယ်။

Myanmar Centre for Responsible Business ကလုပ်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းလုပ်ကိုင်မှုနဲ့ ပတ်သက်တဲ့ စစ်တမ်းမှာဆိုရင်  ကုမ္ပဏီသည် အချိန်နှင့်တပြေးညီ အောက်ဖော်ပြပါ အချက်အလက်များအား ထုတ်ဖော်ကြေညာသည့် ဝက်ဘ်ဆိုက်တစ်ခုရှိပါသလား။ ဒေါင်းလုတ်ရယူနိုင်သော အစီရင်ခံစာ၊ နှစ်ပတ်လည် အထွေထွေညီလာခံ (AGM)နှင့် အထူးအထွေထွေညီလာခံ (EGM) အတွက် အသိပေး အကြောင်းကြားခြင်း စတဲ့မေးခွန်းတွေပါဝင်ပါတယ်။

ဘာကြောင့်ဒါတွေကို ထည့်မေးရတာလဲဆိုတဲ့အခါမှာ နိုင်ငံတကာက ပြည်တွင်းမှာ အလုပ်လာရောက်လုပ်ကိုင်လိုတဲ့အခါ သူတို့လုပ်ချင်တဲ့လုပ်ငန်းနဲပ သက်ဆိုင်တာတွေ ဘာတွေရှိလဲ၊ သက်ဆိုင်ရာလက်တွဲရမယ့် လုပ်ငန်းအဖွဲ့အစည်းက ဘယ်လောက်ထိ ပွင့်လင်းမြင်သာပြီးတော့ ဘယ်လိုတွေ လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတာကို ဝက်ဘ်ဆိုက်ကနေအလွယ်တကူ ရှာဖွေနိုင်တဲ့အခါ ရင်းနှီးမြုပ်နှံလာနိုင်မှု အခွင့်အလမ်းတွေ ပိုများတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ စစ်တမ်းရဲ့ တာဝန်ခံတစ်ဦးက ရှင်းပြပါတယ်။ 

Facebook ဟာ မြန်မာနိုင်ငံရဲ့ ကွန်ရက်ဆိုရင် ဝက်ဘ်ဆိုက်ဟာ ကမ္ဘာကြီးရဲ့ကွန်ရက်ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဒီစစ်တမ်းမှာဆိုရင် ကုမ္ပဏီပေါင်း ၂၄၈ ခုမှာ အမှန်တကယ် အချိန်နဲ့တပြေးညီ သတင်းတွေ အချက်အလက်တွေကိုတင်ပေးနိုင်တဲ့ ကုမ္ပဏီဝက်ဘ်ဆိုက်တွေဟာ အနည်းငယ်သာရှိနေပါတယ်။ 

ဒီလိုဆိုလို့ စီးပွားရေးလုပ်ငန်းတွေအတွက်ကြီးပဲ မဟုတ်ပါဘူး။ INGO ၊ NGO အလုပ်တွေမှာလည်း အများကြီး အသုံးဝင်ပါတယ်။ ဒါအပြင် ဘလော့ခ်တွေလိုမျိုး ကိုယ်ပိုင်ဖန်တီးမှုတွေအတွက်လည်း ဒါကအသုံးဝင်ပါတယ်။ 

လူငယ်တွေဆိုတာဟာ အနာဂတ်အတွက် အိပ်မက်တွေအများကြီးရှိနေကြတဲ့သူတွေပါ။ သူတို့ရဲ့ရူးသွပ်မှုတွေအတွက် အောင်မြင်ချင်ကြသူတွေချည်းပါပဲ။ ဒီအတွက် ဝက်ဘ်ဆိုက်ဟာ ကိုယ်သက်ဆိုင်ရာ နယ်ပယ်အတွက် အများကြီးအထောက်အကူပြုနိုင်ပါတယ်ဆိုတာကို သတင်းပေးရင်း….။







comments

There is no comment

Publish reply