Myanmar Platform

၂၀၂၀ အတွက် စမ်းသပ်တဲ့သဘောဖြစ်လာတဲ့ စည်ပင်ရွေးကောက်ပွဲ

May Maung 2019-03-07 176

မတ် ၃၁ ရက်မှာ ကျင်းပမယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲဟာ အပြောင်းအလဲများအကြားမှာ အငြင်းပွားဖွယ်ရာတွေရှိနေသလို နိုင်ငံရေးပါတီတွေကိုယ်စားလှယ်တွေလည်း ဝင်ပြိုင်ခွင့်ပြုထားတာမို့ နိုင်ငံရေးစမ်းသပ်တဲ့ပွဲ ဖြစ်လာမယ့်သဘောရှိပါတယ်။

အခု ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီဝင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးလိုက်ခြင်း၊ အထွေထွေရွေးကောက်ပွဲ များနည်းတူ အသက် ၁၈ နှစ်ပြည့်ပြီးသူတို့ မဲပေးနိုင်တဲ့ စနစ်အ စားထိုးပြောင်းခဲ့ခြင်းတွေရှိခဲ့သလို အနုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပိုမိုပါဝင်လာပြီး လူထု စိတ်ဝင်စားလာနေပါတယ်။

စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်တွေကို ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲဟာ ရန်ကုန်မြို့တော် ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေဘက်က မြို့နယ်တိုင်းမှာ ပြင်ဆင်၊ဖြည့်စွက်ဖို့ ဝင်ပြိုင်မယ့်သူအရေအတွက်ကလည်း ၂၀၁၄ ခုနှစ်ကထက် ပိုမိုများပြားလာခဲ့သည်။ စုစုပေါင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ဦးရေမှာ နေရာ ၁၀၅ နေရာအတွက် ၂၇၅ ဦးအထိရှိ ပါတယ်။ ၂၀၁၄ ရွေးကောက်ပွဲမှာ ၁၁၅ နေရာအတွက် ၆၉ ယောက်ပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာတွေ့ရပါတယ်။  အထူးသဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ ခွပ်ဒေါင်းအလံအောက်က နေရာစုံမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပြိုင်ဘက်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ရွေးချယ်ယှဉ်ပြိုင်တဲ့သဘောမျိုးတွေ့ရပြီး မြို့နယ်အဆင့်ကော်မတီတွေမှာ အဓိကထားပြိုင်တာတွေ့ရပါတယ်။  

၂၀၁၄ ခုနှစ် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ အိမ်ထောင်စု ၁ စု လူတစ်ဦးကိုပဲ မဲပေးခွင့်ပေးခဲ့လို့ ဒီရွေးကောက်ပွဲဟာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ခြင်း ခံရသလို ရွေးကောက်ပွဲဟာ ဟန်ပြမျှသာဖြစ်တယ်ဆိုပြီး ဆန္ဒပြကြပါတယ်။

 “ကျွန်တော်အနေနဲ့ အဲဒါတွေ(၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး)ဘာမှပြောစရာမရှိဘူး။ ကျွန်တော့အလုပ်မ ဟုတ်ဘူး။ ကျွန်တော်တို့က စည်ပင်သာယာဆိုတဲ့အတွက် စည်ပင်အကြောင်းပဲပြောလို့ရတယ်”လို့ လာမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်အဖြစ် မဲဆန္ဒနယ်(၃)က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်လှိုင်က မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။ 

စည်ပင်သာယာရေးလုပ်ငန်းတွေဟာ ဝန်ဆောင်မှု လုပ်ငန်းတွေသာဖြစ်တဲ့အတွက် နိုင်ငံရေးရပ်တည်ချက်နဲ့ လုပ်လို့မရဘူးလို့လည်း ဦးခင်လှိုင်က ပြောပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တွေအနေ ရွေးချယ်ခံရပါတယ်။ 

လူဦးရေ ၅ သန်းကျော်ရှိတဲ့ ရန်ကုန်မြို့မှာ မြို့နယ် ၃၃ ခုမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃.၄ သန်းကျော်ရှိတယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲမှာတော့ အိမ်ထောင်စု လေးသိန်းကျော်ပဲ မဲပေးခွင့်ရခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်စည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေဟာ  မဲဆွယ်ရာမှာ ပါတီတံဆိပ်တွေေ ခါင်းဆောင်ပုံတွေ အသုံးပြုဖို့အတွက်လည်း ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ ခွင့်ပြုထားပါတယ်။ရန်ကုန် မြို့တော်စည်ပင်သာယာရေးကောက်မတီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ ပါတီ တံဆိပ် အလံနဲ့ ခေါင်းဆောင်ပုံတွေကို အသုံးမပြုနိုင်ဘူးလို့ ထုတ်ပြန်ထားချက်ကို ရုပ်သိမ်းပြီး ပြန်လည်ထုတ်ပြန်လိုက်တာလဲဖြစ်ပါတယ်။ 

“ဒါက ဂျင်းပါ”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထွက်ပြီး တစ်သီးပုဂ္ဂလအနေနဲ့ ဒဂုံမြို့နယ်က ဝင်ပြိုင်မယ့် ဦးဝင်းချိုက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။ ဒီလိုအမြင်မျိုးက နိုင်ငံရေးသမား တွေကပါတီခေါင်းဆောင်တွေကို ပေးတဲ့ သတင်းစကားသာဖြစ်တယ်လို့လည်း ဦးဝင်းချိုက သုံးသပ်ပါတယ်။ ပါတီဝင်တွေအနေနဲ့ ပါတီခေါင်းစဉ်အောက်က စည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ သင့်မသင့်ဟာ သူတို့ရဲ့ ကျင့်ဝတ်နဲ့ပဲဆိုင်တယ်လို့ လည်း ဦးဝင်းချိုက ပြောပါတယ်။

ပါတီတွေက ရွေးကောက်ပွဲစည်းရုံးရေးမှာ လူအင်အားရှိသလို ငွေကြေးလည်း သုံးစွဲနိုင်တဲ့အတွက် ပြိုင်ဆိုင်ရာ မှာ မျှတမှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိပါတယ်။ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအတွက် ဒီအချက် က ဖိအားဖြစ်စေပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအတွက် ရွေးကောက်ပွဲအသုံးစရိတ်ကို ကျပ်သိန်း ၂၀၀ အထိအသုံးပြုခွင့်ပေးထားသလို မြို့နယ်အဆင့်အတွက် ကျပ် သိန်း ၁၀၀ အထိခွင့်ပြုပေးထားပါတယ်။

“အဲလောက်ကြီးတော့ အကုန်အကျမခံနိုင်ပါဘူး။ အများအကျိုးအတွက်လုပ်တာပဲ။ ကိုယ်ကလည်း အဲလောက်စိုက်ရမယ်ဆိုတာတော့ ဘဝင်မကျလှပါဘူး။  စေတနာပါလို့ တကယ်လုပ်ချင်လို့သာ ဝင်လုပ်ရတာဖြစ်တယ်။ ကုန်ကျစရိတ်ကို ချုံ့နိုင်သမျှ ချုံ့သွားမယ်။သူတို့ပါတီတွေကတော့ သုံးနိုင်မှာပေါ့”လို့လည်း ဦးခင်လှိုင်ကပြောပါတယ်။ သူယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အမှတ်(၃)ဟာ မြို့နယ်ပေါင်း ၁၂ မြို့နယ်ပါဝင်တဲ့ မဲဆန္ဒနယ်တစ်ခုလည်းဖြစ်ပြီး  ကော်မတီဝင်နေရာတစ်ခုအတွက် ၇ ယောက်အထိ ယှဉ်ပြိုင်အရွေးချယ်ခံရမယ့် မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။ လယ်ယာအရေး၊ လူ့အခွင့်အရေးနဲ့ အကူအကယ်မဲ့သူတွေအတွက် ရှေ့တန်းကနေရပ်တည်ရင်း နာမည်ကြီးလာတဲ့ ဦးဝင်ချိုလို တစ်သီးပုဂ္ဂလတွေလည်း ဝင်ပြိုင်ဖို့ ရှိပြီး လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုးလွင်၊ သရုပ်ဆောင်နဲ့ မော်ဒယ် ထက်ထက်ထွန်း၊ နိုင်ငံခြားပြန် ခေတ်ပညာတတ် ဦးအောင်ခန့််တို့လို ပုဂ္ဂိုလ်တွေလည်းပါဝင်ပြီး အခုရွေးကောက်ပွဲမှာ ငွေကြေးအမြောက်အများ သုံးစွဲပြီး ဝင်ရောက်ယှဉ်ပြိုင်လာတဲ့ ဦးနေလင်းဇင်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားသော မဲဆန္ဒနယ်တွေမှာတော့ ဆန္ဒမဲပေးမဲ့သူတွေရော ဝင်ပြိုင်တဲ့သူတွေရောက တက်ကြွလှတယ်တော့ မရှိလှပါဘူး။

“ကျွန်မတို့ မြောက်ဒဂုံမှာ ဆိုင်းဘုတ်တော့ တွေ့တယ်။ ဒါပေမဲ့ (ဝင်ပြိုင်မယ့်သူတွေ)အဲဒီလူတွေကို မသိဘူး။ မြင်လည်းမမြင်ဘူးဘူး။ တစ်ခါမှလည်း လာစည်းရုံးတာမရှိဘူး။ ကျွန်မတို့ကတော့ ကြားချင်တာပေါ့။ ဘာလုပ်ပေးမယ်။ ဘာလုပ်ကြမယ်ဆိုတာ”လို့ မြောက်ဒဂုံ မဟာမြိုင်အိမ်ရာမှာနေထိုင်သူတစ်ဦးက မြန်မာ့ပလက်ဖောင်းကို မှတ်ချက်ပေးပါတယ်။


comments

There is no comment

Publish reply