Myanmar Platform

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် အမျိုးသမီးများ အခွင့်အရေး

Thu Thu 2019-03-07 284

နိုင်ငံအသီးသီးမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများတတ်ကြပါတယ်။ အမျိုးသမီးဦးရေက ပိုမိုများပြားပေမယ့်လည်း ကျား၊မတန်းတူ မညီမျှမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ကတော့ ရှိနေကြပါသေးတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အမျိုးသမီး အများစုဟာ အိမ်မှုကိစ္စ၊ မိသားစုကိစ္စတွေနဲ့သာ အချိန်များစွာ ပေးနေရပြီး အချို့နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် အပါအဝင် လူနေမှု အဆင့်အတန်းတွေဟာ အမျိုးသားတွေထက် နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် အမျိုးသားတွေရဲ့ အကြမ်းဖက်မှု နှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်နေဆဲ ဖြစ်ပါတယ်။

အခုလိုမျိုး ကျားမတန်းတူ မညီမျှတွေ ဖိနှိပ်မှုတွေကြားထဲက နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရရှိခဲ့တဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ နှစ်စဉ် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day-IWD) အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ ၁၉ဝ၈ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ အထည်ချုပ် စက်ရုံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေကနေ အစပြုခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပေးဖို့ ပထမဆုံး တင်ပြဆွေးနွေးခဲ့သူကတော့ ဂျာမနီနိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ် ပါတီမှ အမျိုးသမီးခေါင်းဆောင် Clara Zetkin ဖြစ်ပါတယ်။ 

                           1551944782775.jpg

၁၉၁ဝ ပြည့်နှစ် ကိုပင်ဟေဂင်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးများ ဒုတိယအကြိမ် ညီလာခံမှာ Clara Zetkin က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တစ်ကမ္ဘာလုံးမှာ တစ်ရက်တည်းတွင် သတ်မှတ်ကျင်းပဖို့ တောင်းဆိုခဲ့တာပါ။ Clara Zetkin ရဲ့ တင်ပြမှုကို နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အမျိုးသမီးခေါင်းဆောင် ၁ဝဝ ကျော်က ထောက်ခံခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အမျိုးသမီးတွေရဲ့ တောင်းဆိုမှုတွေကြောင့် ပထမဦးဆုံးသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဂျာမနီနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ၁၉၁၁ ခုနှစ် မတ် ၁၉ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီနောက် ရုရှားနိုင်ငံကပါ ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံး အပတ်ရဲ့ တနင်္ဂနွေနေ့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို စတင် ကျင်းပပေးခဲ့ပါတယ်။

၁၉၁၃ ခုနှစ်မှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မတ်လ ၈ ရက်နေ့အဖြစ် သတ်မှတ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ၁၉၇၅ ခုနှစ် ရောက်မှသာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မတ်လ ၈ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင် အသိအမှတ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအချိန်မှစတင်ကာ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ နှစ်စဉ် မတ်လ ၈ ရက်နေ့ ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေကို သိုက်သိုက်ဝန်းဝန်းဖြင့် ကျင်းပလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

၁၉၇၅ ခုနှစ်မှစတင်ပြီး မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ပြီးနောက် ၁၉၈ဝ ပြည့်နှစ်မှာ ဒုတိယအကြိမ် ကမ္ဘာ့အမျိုးသမီးများ ညီလာခံကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှာ တတိယအကြိမ် ညီလာခံကို ကင်ညာနိုင်ငံ နိုင်ရူဘီမြို့မှာ လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှာ စတုတ္ထအကြိမ် ညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ နှစ်စဉ်ဆောင်ပုဒ်တစ်ခု သတ်မှတ်ထုတ်ပြန်ကာ အမျိုးသမီးတွေရဲ့ ကဏ္ဍကို မြှင့်တင်ပေးဖို့ အသိပေးလေ့ ရှိပါတယ်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်က Balanced For Better ပဲ ဖြစ်ပါတယ်။ ဆောင်ပုဒ်ရဲ့ အဓိပ္ပါယ်ကတော့ ပိုမိုကောင်းမွန်တဲ့ လူမှုဘဝတွေဖြစ်ဖို့အတွက် မျှတမှုရှိရှိနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးပြုကာ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ 

                            1551944931247.png

အမျိုးသမီးတွေရဲ့ ဘ၀တွေမြှင့်တင်ပေးဖို့ တန်းတူအခွင့်ရေး ရရှိဖို့ အဖက်ဖက်က လုပ်ဆောင်နေကြပေမယ့်လည်း နေရာအနှံ့အပြားမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကတော့ နေရာအနှံအပြားမှာ ရှိနေဆဲပါ။ 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျား၊ မ တန်းတူ ညီမျှမှုရှိရေးဟာ အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတစ်ခုအတွင်း နေထိုင်လျက်ရှိတဲ့ အမျိုးသမီးအားလုံးဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေလို အခွင့်အလမ်း မှန်သမျှကို သာတူညီမျှ ခံစားခွင့်ရှိခြင်းဟာ  ကျား၊ မ သာတူညီမျှမှုရှိသည့် လူ့အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေလည်း များပြားလာခဲ့ရာ ပြည်ထောင်စု လွှတ်တော်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွေမှာလည်း ၃ ဒသမ ၉ ရာခိုင်နှုန်းကနေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ယင်းကဲ့သို့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေ များပြားလာပေမယ့်လည်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံခြင်းက မြန်မာနိုင်ငံမှာ ပြဿနာတစ်ရပ်လိုပင် ဖြစ်နေပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေကလည်း အများအပြား ရှိနေဆဲဖြစ်ပါတယ်။

                                1551944985758.jpg

လက်ရှိမြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ အခွင့်လမ်းတွေကို မြင့်တင်ဆောင်ရွက်ပေးဖို့ လိုအပ်နေပါပြီ။ အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှုတွေ၊ ခွဲခြားနှိမ့်ချခံရမှုတွေ၊ တန်းတူညီမျှမှုတွေကို အမျိုးသမီးတွေ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေ ရောက်မှာသာ ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ တိတ်တဆိတ်ခံစားနေရတဲ့ ဖြစ်စဉ်တွေက လွတ်မြောက်ဖို့အတွက် အမျိုးသမီးတွေကိုယ်တိုင် တာဝန်ယူဖြေရှင်း  ကိုယ်တိုင်ဆောင်ရွက်ဖို့ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ ပိုမိုရရှိဖို့ လိုအပ်လာပါပြီ။ 

အမျိုးသမီးတွေ အနေနဲ့လည်း ခေတ်အဆက်ဆက် စွမ်းဆောင်ရည် ထက်မြက်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို အတုယူကာ အမျိုးသမီးများအားလုံး လူနေမှုဘဝ လုံခြုံမှုရရှိစေဖို့နဲ့ ကျား၊ မ တန်းတူ အခွင့်အရေးရလာဖို့ စွမ်းရည်တွေ မြင့်မားလာအောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။


comments

There is no comment

Publish reply