Myanmar Platform

တတိယပင်လုံရဲ့ ရောင်နီသန်းချိန်

နီတိုး 2018-07-11 780

နေပြည်တော်မှာရှိတဲ့ Sky Palace Hotel ထဲမှာ ပြန်ကြားရေးက စီစဉ်ပေးတဲ့ကားပေါ်မှာ ပြည်တွင်း ပြည်ပတင်းသမားတွေ တဖြည်းဖြည်း တက်လာနေပါတယ်။လူပြည့်တယ်ဆိုရင်ပဲ ကားကစတင်ထွက်ခွါခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကားကတော့ MICC 2 ကို သွားမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ ကျွန်တော်တို့ မြန်မာ့ ပလက်ဖောင်းအွန်လိုင်းမီဒီယာက သတင်းသမားတွေလည်း အတူလိုက်ပါခဲ့ကြပါတယ်။ 

နေပြည်တော်ရဲ့ လမ်းမပေါ်ကို ကားရောက်သွားတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်ကို ငေးမောကြည့်မိတာပေါ့။ ထူခြားနေပါတယ်။ ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးအများစုဟာ မိုးတွေကောင်းပြီး အုံ့မှိုင်းနေပါတယ်။ ဒါပေမယ့် နေပြည်တော်ရဲ့ နံနက်ခင်းကတော့ ရောင်နီသန်းပြီး သာသာယာယာရှိနေပါတယ်။ အချိန်အားဖြင့် ၇  နာရီခွဲခန့် ရှိသေးပေမယ့်လည်း နေပြည်တော်ရဲ့ ကောင်းကင်မှာ အပြာရောင်သန်းနေပြီး နေမင်းကြီးကလည်း အရှေ့ဘက်ခြမ်းကနေ စတင်ထွက်ပေါ်နေပါပြီ။ ဒါဟာ ရောင်နီသန်းတာပါပဲ။ 

ဇူလိုင်လ ၁၁ ရက်နေ့နေပြည်တော်ရဲ့ လမ်းမတွေဟာ လမ်းသွား လမ်းလာတွေ ရှင်းလင်းနေပါတယ်။ တချို့ တလေကတော့ ဆိုင်ကယ်ပေါ်မှာ ကျောင်းသားလေးတွေတင်ပြီး ကျောင်းလိုက်ပို့နေတာ တွေ့ရပါတယ်။ အချို့ ကတော့ ရုံးဝတ်စုံလေးတွေ ၀တ်ဆင်ပြီး သွားလာနေတာတွေလည်း တွေ့နေရပါတယ်။ 

နေပြည်တော်ရဲ့ လမ်းမတစ်လျှောက်မှာ အများဆုံးတွေ့ရတာကတော့ စည်ပင်သန့်ရှင်းရေး ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်။ အချိန်အားဖြင့် အစောပိုင်းမှာရှိသေးတယ်ဆိုပေမယ့်လည်း သူတို့ဟာ လမ်းတစ်လျှောက် မြတ်  နုတ်တာတွေ၊ အမှိုက်လှည်းတာတွေ လုပ်ဆောင်နေကြပါတယ်။ 

ဒီလိုပါပဲ လမ်းမရဲ့ နေရာတိုင်းမှာ အသင့်ရောက်နေသူတွေလည်း ရှိကြပါတယ်။ သူတို့ကတော့ လုံခြုံရေး ရဲဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ အချို့က လမ်းမတွေတစ်လျှောက်မှာ တစ်ယောက်၊ နှစ်ယောက်တွဲ နေရာယူထားကြတာတွေရှိပြီးတော့ အချို့ကတော့ အုပ်စုလိုက် လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး ဆောင်ရွက်နေကြပါတယ်။ လမ်းဆုံ လမ်းခွတွေမှာလည်း ယာဉ်ထိန်းရဲတွေ အပြည့်နေရာယူထားတာ တွေ့ရပါတယ်။ 

လမ်းမတစ်လျှောက်မှာလည်း ပင်လုံညီလာခံဖြင့် လွတ်လပ်ရေးကို ရယူခဲ့သည်။ ၂၁ ပင်လုံညီလာခံမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆီသို့ လို့ရေးထားတဲ့ကြေညာဘုတ်အကြီးကြီးတွေလည်း နေပြည်တော်ရဲ့ လမ်းဆုံ လမ်းခွတိုင်းမှာ တွေ့နေရပါတယ်။ 

1531303927485.jpg

ဒီလိုနဲ့ ကားကြီးဟာ MICC 2 ထဲကို ချဉ်းနင်းဝင်ရောက်လာပါတော့တယ်။ ရောက်ပါပြီ ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ/ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို။ စစ်ဆေးရေး ဂိတ်တွေကို ကျော်ဖြတ်ပြီး ခန်းမကြီးထဲကို ၀င်လိုက်တယ်ဆိုရင်လည်း ကြက်သီးထလောက်တဲ့ လူအုပ်ကြီးကို တွေ့ရပါတော့တယ်။ 

အဲ့ဒီလူအုပ်ကြီးကတော့ ညီလာခံကို လာရောက်တဲ့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ အစိုးရ၊ ပါတီ ၊ လွှတ်တော် ၊ အရပ်ဘက်အဖွဲ့အစည်း စတဲ့နယ်ပယ်အစုံက ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ဒါ့အပြင် လာရောက်လေ့လာတဲ့ ပြည်တွင်းက ပညာရှင်တွေ၊ နိုင်ငံတကာက လေ့လာသူတွေ အများအပြားပါပဲ။

ဒီညီလာခံရဲ့ ခန်းမထဲမှာတော့ သတင်းသမားတွေလည်း အတော်ကို အလုပ်များနေကြပုံပါပဲ။ သက်ဆိုင်ရာ နယ်ပယ်က ပညာရှင်တွေကို မေးခွန်းတွေ မေးနေကြတဲ့ မီဒီယာအစုအဖွဲ့လေးတွေလည်း အများအပြားပါပဲ။ 

တတိယအကြိမ် ပင်လုံမှာဆိုရင်တော့ နိုင်ငံအတွင်းက နိုင်ငံအတွင်းက ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံး စုံစုံညီညီတက်ရောက်လာတာတွေ့ရပါတယ်။ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၁၀ ဖွဲ့အပြင် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်လာတာတွေ့ရပါတယ်။ 

ဒါ့အပြင် နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးစုံစုံညီညီ တက်ရောက် လာခြင်း ဖြစ်ပါတယ်။ ညီလာခံအတွင်း ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်သူ၊ သတင်းယူသူ၊ အင်တာဗျူး ဖြေနေသူ တွေ တဖြည်းဖြည်းပါးလာပြီး ခန်းမအတွင်းကို နေရာယူနေကြပါပြီ။ 

တတိယအကြိမ်ပင်လုံညီလာခံသို့ တက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

ခန်းမရဲ့အပြင်မှာ လူတွေပါးလာတယ်ဆိုရင်ပဲ နိုင်ငံတော်ရဲ့ ထိပ်ပိုင်းတာဝန်ယူထားတဲ့ အစိုးရအဖွဲ့ဝင်တွေ ၀င်ရောက်လာပါတော့တယ်။ ပထမဆုံးရောက်လာသူကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူမရဲ့ ခြေလှမ်းတွေကတော့ အသက် ၇၃ နှစ်ကျော်သွားပေမယ့်လည်း တက်ကြွနေဆဲပါ။ ငြိမ်းချမ်းရေးကို အသွင်ဆောင်တဲ့ အပြာရောင်ဝမ်းဆက်နဲ့ သူမရဲ့ အပြုံတွေဟာလည်း ချိုမြနေဆဲဆိုတာ မြင်သာလွန်းပါတယ်။ 

သူမပြီးတော့ နောက်ထပ်ရောက်လာသူတွေကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူ့ရဲ့ အဖွဲ့တွေ ခြံရံပြီး ၀င်ရောက်လာပါတယ်။ သူ့ခြေလှမ်းတွေဟာဆိုရင် တက်ကြွပြီး အင်အားအပြည့်နဲ့ လျှောက်လမ်းလာတာ တွေ့ရပါတယ်။ သူ့အပြုံးဟာဆိုရင်လည်း အားလုံးကို ချစ်ကြည်ရင်းနီးတယ်ဆိုတဲ့ အပြုံမျိုးပဲ ဖြစ်ပါတယ်။ 

https://picture.myanmaplatform.com/w/a/2018/07/11/1531299537198.jpg

https://picture.myanmaplatform.com/w/a/2018/07/11/153129953735.jpg

ကာကွယ်ရေး ဦးစီးချုပ်အပြီး ၀င်ရောက်လာသူကတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ထပ်ပိုင်းခေါင်းဆောင်တွေရောက်ပြီး သပ်မကြာခင်မှာပဲ အခန်းအနားစတင်ဖို့ ပြင်ဆင်လာပါတော့ တယ်။ အခမ်းအနားကို စတင်တယ်ဆိုရင် ၂၁ ရာစုပင်လုံညီ သီချင်းကို တိုင်းရင်းသား ညီငယ်၊ ညီမ ငယ်လေးတွေက ကပြဖျော်ဖြေခဲ့ပါတယ်။ အကနဲ့ သီချင်းဟာ အတော်လေးကို အသက်ဝင်လှပါပေတယ်။ ကြားရသူ မြင်ရသူတို့ ကြည်နူးနှစ်သက်ဖွယ် ကောင်းလှပါပေတယ်။ 

အဲ့ဒီနောက်မှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုကြီးမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်း နေထိုင်လျက်ရှိကြပါတယ်။ လွတ်လပ်ရေးရရှိပြီးတဲ့နောက်ပိုင်း အားလုံး စည်းလုံး ညီညွတ်စွာနဲ့ အားလုံးယုံကြည် တန်ဖိုးထားနိုင်တဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ဆောက် နိုင်ခြင်း မရှိခဲ့တဲ့အတွက် ဒီကနေ့အထိ ကျွန်မတို့အချင်းချင်းအကြားမှာ သံသယတွေ၊ မယုံကြည်မှုတွေ၊ ရန်လိုမုန်းတီးမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဟာ နှစ်ပေါင်း ခုနှစ်ဆယ်ကျော် ကြာမြင့်ခဲ့တဲ့အထိ သက်တမ်းရှည်ကြာခဲ့ရပါတယ်။ ဒီလို သက်တမ်း ရှည်ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ စတေးပေးဆပ်ခဲ့ရတာကတော့ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးရဲ့ သမိုင်းအဆက်ဆက် မပြည့်ဝ နိုင်ခဲ့ဘဲ မျှော်လေတိုင်း အလှမ်းဝေးခဲ့ရတဲ့ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင်ရရှိ ဖို့ဟာ ဒီကနေ့၊ ဒီအချိန်၊ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ စိတ်ဆုံးဖြတ်ချက်တွေ ပေါ်မှာ တည်မီနေတယ်လို့ပဲ ပြောပါရစေ။”  လို့ ပြောကြားခဲ့ပါတယ်။ 

သူမကတော့ တက်ရောက်စကားပြောတဲ့နေရာမှာရော စကားပြောနေစဉ်မှာရော ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်မယ်ဆိုတဲ့ ခံယူချက်အပြည့်နဲ့ ပြောကြားနေပုံပါပဲ။ သွက်လက် ထက်မြတ်နေဆဲပဲလို့ ဆိုရမှာပါပဲ။

သူမပြီးတယ်ဆိုရင်ပဲ မိန့်ခွန်းပြောကြားသူကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပါတယ်။ သူကတော့ စင်မြင့်ကို တက်ရောက်နေရာယူတဲ့နေရာ၊ ပြောတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပြောသွားတာတွေ့ရပါတယ်။ 

“ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတိုင်းလူမျိုးတိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အရိပ်အာဝါသတစ်မျိုးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အရိပ်ကောင်းရှိမှသာ တည်ငြိမ်အေးချမ်းတဲ့ လူ့ပတ်ဝန်းကျင်၊ သာယာနာပျော်ဖွယ်ကောင်း တဲ့ လူမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်တဲ့ အခြေခံအဆောက်အအုံတွေကို ဖန်တီးတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတစ်နိုင်ငံအတွက်လိုအပ်တဲ့ အရင်းအမြစ်ကောင်းတွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပေ မယ့် ငြိမ်းချမ်းရေးအရင်းအမြစ်ကောင်းတွေကတော့ လိုအပ်နေဆဲပဲ ဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမည့် ပကတိအရှိတရားဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။

1531301149630.png

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောအပြီးမှာတော့ ကရင်အမျိုးသားအစည်းအရုံ-KNU ရဲ့ ဥက္ကဌ စောမူတူးစေးဖို့နဲ့ ရခိုင်အမျိုးသားပါတီက ဒု-ဥက္ကဌတို့ တက်ရောက်ပြောကြားခဲ့ပါတယ်။ 

မိန့်ခွန်းပြောကြားမှုတွေမှာတော့ အားလုံက ကိုယ့်အမြင်နဲ့ ကိုယ်ပြောနေကြပေမယ့်လည်း ငြိမ်းချမ်းရေးကို ရယူမယ်ဆိုတဲ့ ခံယူချက်တွေကတော့ ကိုယ်စီရှိနေကြတာတွေ့ရပါတယ်။ စကားပြောခန်းတွေ ပြီးသွားတာနဲ့ အားလုံးစုပေါင်း ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ပြီးဆုံးလိုက်ပါတော့တယ်။

ဒီကနေ့ဇူလိုင်လ ၁၁ ရက်နေ့မှာ နေပြည်တော်ရဲ့ နံနက်ခင်းက သာယာလှပနေသလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ပန်းခင်းကြီး အမြန်ဆုံးသာယာလှပါစေလို့ဆုတောင်းရင်း ကျွန်တော်တို့လည်း တတိယအကြိမ် ညီလာခံ ပထမရက်ကို နှုတ်ဆက်ခဲ့လိုက်ပါတယ်။ 


comments

There is no comment

Publish reply