Myanmar Platform

ခွန်အားဖြည့်မိငယ်(သို့) ဦးရဲလွင်(မဇ္ဈိမလှိုင်း)

Phoo Phoo 2018-07-11 1195

“အရှုံးမပေးနဲ့ မိငယ်ရေ ရဲရင့်မှကျော်ဖြတ်သွား အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ တစ်ကယ်ကိုယ်ကျိုးစွန့်နိုင်မှ” ဒီသီချင်းကို သီဆိုလေ့ရှိသူကတော့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ရဲ့ ပဲ့ကိုင်ရှင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)ပဲ ဖြစ်ပါတယ်။ ဂီတနယ်ပယ်အတွင်းမှာ နှစ်ပေါင်း၅၀လောက် ရှင်သန်နေထိုင်ခဲ့တဲ့သူ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမလှိုင်း)ဟာ အသက် (၇၀)နှစ်နဲ့ ၆ လ မှာ ရန်ကုန်မြို့ ခုတင် ၅၀၀ ဆေးရုံ အသည်းကုသဆောင်မှာ အသည်းရောဂါဝေဒနာနဲ့ ၃လကျော်ကြာတက်ရောက်ကုသမှု ခံယူနေရင်း ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။


ဦးရဲလွင်ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလမှာ စက်ရှင်တရားသူကြီး ဦးမောင်မောင်နဲ့ ဒေါ်ကြိုင်တို့မှ ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း(၁၀)ဦးအနက် (၈)ဦးမြောက် သားဖြစ်ပါတယ်။ ခရစ်ယာန်မိသားစု ဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက ဘုရားကျောင်းမှာ ဓမ္မသီချင်းတွေ၊ ခရစ်စမတ်သီချင်းတွေ သီဆိုရင်းနဲ့ ဝါသနာပါတဲ့ ဂီတအလုပ်ကိုလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။


အရွယ်ရောက်လာတဲ့အခါ ဆယ်တန်းကိုအမှတ် ကောင်းကောင်းနဲ့ အောင်မြင်တာကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် "RIT"မှာ ပညာသင်ကြားခဲ့ပါတယ်။ တက္ကသိုလ် တက်ရောက်စဉ်မှာပဲ ခင်မောင်တိုး၊ ကိုမောင်မောင် (အဉ္ဇလီ)၊ ကိုနေ၀င်းတို့နဲ့ ရင်းနှီးပြီး သီချင်းတွေအတူ ဖန်တီးခဲ့ကာ ၁၉၈၂ နှစ်မှာတော့ မဇ္ဈိမလှိုင်းတေးဂီတ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ ဦးရဲလွင် ရေးစပ်ခဲ့တဲ့ ‘ပန်းခရမ်းပြာ’ သီချင်းဟာ ၁၉၈၈ ခုနစ်ဝန်းကျင် ကာလတွေမှာ ရေပန်းစားခဲ့တဲ့ သီချင်းဖြစ်ပြီး သီချင်းများစွာကို ကိုယ်တိုင်ရေးစပ်ခဲ့သလို ယနေ့ခေတ် လူငယ် ဂီတသမားတွေအတွက် လေးစားအတုယူဖွယ် ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။


ဦးရဲလွင်ဟာ ၁၉၈၈ လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့သလို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာလည်း ရှေ့တန်းကနေ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးထိမ်းသိမ်း ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို ဦးရဲလွင်ဦးဆောင်ပြီး ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ရက်၊ ကျန်းမာရေး ကွန်ရက်နဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် လူစည်ကားရာနေရာတွေမှာ သီချင်းတွေ သီဆိုဖျော်ဖြေရင်းနဲ့ ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။ 


သဘာဝ ဘေးအန္တရာယ်ကျရောက်မှုတွေမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှည့်လည် သီဆိုပြီး အလှူငွေ ကောက်ခံခြင်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အဲ့သလို အများအကျိုးအတွက် ရန်ပုံငွေရှာမှာတော့ ဦးရဲလွင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး တေးရေး ကိုနေ၀င်း ရေးစပ်ထားတဲ့ ‘ခွန် အားဖြည့်မိငယ်’ သီချင်းကို အမြဲသီဆိုလေ့ရှိပါတယ်။


ဒါ့အပြင် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပန်းရဲ့လမ်း တေးဂီတ အဖွဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာလည်း အစွမ်းကုန် ပါဝင်အားဖြည့် ကူညီခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းတွေဟာ ပန်းရဲ့လမ်းအဖွဲ့ရဲ့ အဓိကလုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ ကိုရဲလွင်ဟာ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဂုဏ်ထူးဆောင် အသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။


ဒီလို ဆောင်ရွက်ချက်တွေကြောင့်လည်း ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုတွေက ဂုဏ်ပြုပေးအပ်တဲ့ ၂၀၁၃ ခုနှစ် အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုတွေပေးအပ်ပွဲမှာ ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ 7Day News ဂျာနယ်က ပေးအပ်တဲ့ 7Day Hero ဆုကိုလည်း ရရှိခဲ့ပါတယ်။


ဦးရဲလွင်ဟာ ပရဟိတလုပ်ငန်းတွေကို အစွမ်းကုန် လုပ်ဆောင်ခဲ့သလို ဘာသာရေးနဲ့ ပတ်သက်ရင်လည်း ကြိုးစားအားထုတ်တတ်သူ ဖြစ်ပါတယ်။ ဝိပဿနာတရားကို တေးသံရှင်

ခင်မောင်တိုးနဲ့အတူ နှစ်ပေါင်းများစွာ အားထုတ်ခဲ့သလို ဆေးရုံမတက်ခင် အထိလည်း ဗဟန်းမြို့နယ်က ဓမ္မဇောတိ ဝိပဿနာရိပ်သာမှာ အပတ်စဉ် တရားအားထုတ်သူ တစ်ဦးဖြစ်ပါတယ်။ အိမ်ထောင်ကွဲ တစ်ဦးဖြစ်ပြီး သားထောက် သမီးခံလည်း မရှိတဲ့ ဦးရဲလွင်ဟာ အိမ်ရာအတည်တကျနေတဲ့သူလည်း မဟုတ်ခဲ့ပါဘူး။ 


ဦးရဲလွင် ကွယ်လွန်ချိန်ဟာ ပင်လုံငြိမ်းချမ်းရေး ညီလာခံနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ပင်လုံငြိမ်း ချမ်းရေးညီလာခံကို သွားကြမယ့် သူတွေ သူ့နာရေးကို မှီစေချင်တာကြောင့် ငါးရက်ထားမယ်လို့ သိရပါတယ်။ ကိုရဲလွင်ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို လာမယ့် စနေနေ့ (ဇူလိုင်၁၄)ရက်နေ့ ရေဝေးသုဿန်မှာ ဂူသွင်းသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ ဦးရဲလွင်ဟာ ရောဂါဝေဒနာ ခံစားရင်း မသေဆုံးခင် အချိန်အထိ သူ့ကိုယ်တိုင်လည်း အနှစ်သက်ဆုံးသီချင်းဖြစ်ခဲ့ဟန်တူတဲ့ "ခွန်အားဖြည့်မိငယ်"သီချင်းကို သီဆိုသွားခဲ့သေးတယ်လို့ သူ့ကိုအနီးကပ် ပြုစုစောင့်ရှောက်သူတွေက ပြောဆိုထားပါတယ်။


comments

There is no comment

Publish reply