Myanmar Platform

“ မြို့လည်ခေါင်မှာ တစ်ဒိုင်းဒိုင်း ပစ်လို့ မရဘူးလား” အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၃၅)

စည်သူအောင်မြင့် 2018-05-10 1297


      

 

မောင်လှ        - အောင်မလေး၊ ခင်ဗျား ဆွေးနွေးချင်တဲ့ အကြောင်းအရာကလည်း ကြောက်စရာကြီး၊ ဘာတဲ့ မြို့လည်ခေါင်မှာ တစ်ဒိုင်းဒိုင်းပစ်၊ ဖေါက်ခွဲ အမလေးလေး။

အောင်ဘ       - ရုပ်ရှင်ကို ပြောတာပါဗျ။

မောင်လှ        - ပြောပါဦး ဘာကို စိတ်အချဉ် ပေါက်နေတာလဲ။

အောင်ဘ       - Original Gangster 3 ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ရှိတယ်။ အဲဒီကားဟာ ၂၀၁၆ နိုဝင်ဘာ တုန်းက ရိုက်ခဲ့တဲ့ ကားတဲ့၊ ကျွန်တော်ထင်တယ်၊ ရှေ့မှာ ဂိုဏ်းစတား ၁-၂ စသဖြင့် အောင်မြင်တော့ ဆက်ရိုက်တာပေါ့ဗျာ။ အဲဒါ ဆင်ဆာ အဖွဲ့က အများပြည်သူ ပြသရန် မသင့် ဆိုပြီး မှတ်ချက် ပေးသတဲ့။ ဆိုတော့ ပြသလို့ မရဘူးပေါ့ဗျာ။

မောင်လှ        - ဘာကြောင့်များတဲ့လဲ။

အောင်ဘ       - အဲဒီမှာပါတဲ့ အဆိုတော် သရုပ်ဆောင် ယုန်လေး လူမှုကွန်ယက်မှာ တင်ပြီး ပြောတာက ဘာကြောင့် ဆင်ဆာ ခွင့်မပြုသလဲ သက်ဆိုင်ရာကို မေးတော့တဲ့- Miss တွေကို ပြန်ပေးဆွဲတဲ့ဟာမျိုး၊ ဟော်တယ်ကြီး တစ်ခုထဲမှာ ဂိုဏ်းစတားတွေ ရောက်သွားပြီး ဖြစ်တဲ့ ဟာမျိုးတွေကို ရိုက်ပြထားလို့တဲ့။ အတုခိုးမှားမှာ စိုးလို့တဲ့။

မောင်လှ        - အင်-

အောင်ဘ       - အဲဒီမှာ ယုန်လေး ပြောထားတာက ရုပ်ရှင်ပဲပေါ့။ ဟိုတယ် အဆောက်အဦထဲမှာ ဗုံးတွေကပ်မယ်၊ စနိုက်ပါတွေနဲ့ ပစ်မယ်၊ အဲဒါ ရုပ်ရှင်ပဲ ဘာ စိုးရိမ်စရာ ရှိလဲပေါ့။

မောင်လှ        - အင်း ခင်ဗျားကရော ဘယ်လိုထင်သလဲ။ အနောက်တိုင်း ဟောလိဝုဒ်က လုပ်တာ ထားပါတော့၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော အဲလိုကားတွေ ရိုက်ပြီး ရုံတင်ပြရင် သင့်ပါ့မလား။

အောင်ဘ       - ကျွန်တော်ထင်တယ်၊ အဲဒီ ဆင်ဆာ အဖွဲ့က လူတွေ ရုပ်ရှင် ဆိုတာ ဘာလဲ နားမလည်ဘူးလို့ ထင်တယ်။

မောင်လှ        - ဘာလဲ ရုပ်ရှင်ဆိုတာ။

အောင်ဘ       - ဖန်တီးတဲ့ အနုပညာလေဗျာ။ အပြင်မှာ တကယ်ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း ရိုက်ပြတာက မှတ်တမ်းပဲ ဖြစ်တော့မပေါ့။ ရုပ်ရှင်ဆိုတာ အနုပညာ ဖန်တီးမှုလေ။ ကဲ ကျွန်တော်ပြောမယ်၊ ရုပ်ရှင်ထဲမှာ လူအများကြီးနဲ့ တစ်ယောက် တိုက်ခိုက်ကြပါရောလား၊ အဲတစ်ယောက်က အများကြီးကို ချပလိုက်တယ်ဗျာ။ ဒါ အားလုံး ကြိုက်နေကြတာပဲ။ ကဲ အပြင်မှာ အဲလို ဖြစ်နိုင်လို့လား။

မောင်လှ        - ဟုတ်သား။

အောင်ဘ       - အဲဒါမျိုး နိုင်ငံခြားကားတွေ မပြောနဲ့ မြန်မာကားတွေမှာလဲ ရိုက်ကြတာပဲ မဟုတ်လား။

မောင်လှ        - ဟုတ်သား။

အောင်ဘ       - နောက် ကမ္ဘာကျော်တဲ့ ET တို့၊ ဂျူရောဆစ် ပန်းခြံတို့၊ မျောက်တွေနဲ့ လူတွေ တိုက်ကြ၊ ခိုက်ကြတဲ့ Planet Apes တို့၊ မဖြစ်နိုင်တာတွေ စိတ်ကူးယဉ်ပြီး ရိုက်တာ အများကြီးမှ အများကြီး။ ၀င်ငွေတွေလဲ ရလိုက်တာမှ အများကြီး။

မောင်လှ        - ဟုတ်သား။

အောင်ဘ       - နောက် ကျွန်တော် ပြောပြမယ်။ ခင်ဗျား ဟောင်ကောင်ကားတွေ ကြည့်ဖူးတယ် မဟုတ်လား။

မောင်လှ        - သိုင်းကားတွေလား။

အောင်ဘ       - ခေတ်သစ်ကားတွေလေဗျာ။ စုံထောက်ကားတွေ၊ မူးယစ်ရာဇာကို ဖမ်းတဲ့ကားတွေ စသဖြင့် အက်ရှင် ဇာတ်ကြမ်းကားတွေလေ။

မောင်လှ        - ကြည့်ဖူးတယ်။ ဂျက်ကီချန်းတို့၊ ဟုတ်ကျင်းပေါင်တို့ ကျွန်တော်ကြိုက်တယ်။

အောင်ဘ       - အေး အဲဒီကားတွေဆို လမ်းတွေမှာ တစ်ဒိုင်းဒိုင်းပစ်၊ ဖေါက်ခွဲ၊ ကားတွေ တိုက်ပြီး လေထဲလွင့်သွား။ အများကြီးပဲ မဟုတ်လား။

မောင်လှ        - ဟုတ်တယ်လေ။

အောင်ဘ       - အေး ခင်ဗျား သိထားဖို့က ဟောင်ကောင်ဟာ ကမ္ဘာပေါ်မှာ တရားဥပဒေ အစိုးမိုးဆုံး၊ ရာဇ၀တ်မှု အနည်းဆုံး တိုင်းပြည်။ အဲလို ဇာတ်ကားတွေ ရိုက်လို့ အတုခိုးမှားပြီး ရာဇ၀တ်မှု ထူပြောလာတယ် ဆိုတဲ့ စစ်တမ်း ကျနော် ဘယ်မှာမှ မတွေ့မိသေးဘူး။

မောင်လှ        - ဟုတ်သား။

အောင်ဘ       - ဘာလဲ ခင်ဗျားက ကျွန်တော့်ကို လှောင်နေတာလား။

မောင်လှ        - ဟုတ်ပါဘူးဗျာ။ မှန်လို့ ထောက်ခံနေတာပဲ။ စိတ်မဆိုးပါနဲ့။ နို့ နေပါဦး။ ကျွန်တော်တို့ တိုင်းပြည်က လူတွေက ပညာရေ မပြည့်ဝ၊ မရင့်ကျက်သေးဘူး မဟုတ်လား။ ဆိုတော့ အဲဒါမျိုး ရိုက်ပြရင် အတုခိုး မမှားဘူးလို့ ခင်ဗျား ပြောနိုင်သလား။

အောင်ဘ       - ခင်ဗျားပြောတာက မြန်မာတွေ နိုင်ငံခြား ရုပ်ရှင် မကြည့်ပဲ နေတာ ကျနေတာပဲ။ အခုခေတ်မှာ မြန်မာပြည်မှာ နေတဲ့သူတွေဟာ သူတို့ ဆန္ဒရှိရင် ဘာနိုင်ငံခြား ဇာတ်ကားမျိုး မဆို ရှာဖွေ ကြည့်နိုင်တာပဲဗျ။ ကြည့်နေတာပဲဗျ။ ဆိုတော့ အဲဒီကနေရော အတုခိုးတာ မဖြစ်နိုင်ဘူးလား။

မောင်လှ        - မြန်မာလို နားလည်နေတော့ ပိုပြီး အတုခိုးမလားလို့ ဟဲ ဟဲ။

အောင်ဘ       - နောက်တစ်ခု ကျနော်ပြောမယ်။ အခု အလွန်ဆိုးတဲ့ သက်ငယ်မုဒိန်းမှုတွေ ဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေဟာ ညစ်ညမ်း ဇာတ်ကားတွေ ကြည့်ကြတာလဲ အချက်တစ်ချက် အနေနဲ့ ပါတယ်လို့ ရဲတပ်ဖွဲ့ဘက်က ကောက်ချက်ချထားတယ်။ မဟုတ်ဘူးလား။

မောင်လှ        - ကျနော်လည်း ဖတ်မိတယ်။

အောင်ဘ       - ကဲ အဲတော့ ပြောပါဦး။ အဲဒီ ညစ်ညမ်းတွေဟာ မြန်မာကားတွေလား၊ နိုင်ငံခြား ကားတွေလား။

မောင်လှ        - အင်း၊ အဲ၊ နိုင်ငံခြားကားတွေ ဖြစ်မှာပေါ့ဗျာ။

အောင်ဘ       - အဲဒါပဲလေဗျာ။ ကျနော်တို့ဆီမှာ နှစ်ပေါင်းများစွာ ဆင်ဆာအဖွဲ့က ရုပ်ရှင်တွေကို ဆိုးဆိုးရွားရွား နှိပ်ကွပ်ခဲ့တယ်။ အကျိုးဆက်က နှစ်ခု၊ တစ်ခုက မြန်မာရုပ်ရှင်တွေ အရည်အသွေး သုံးမရလောက်အောင် ကျဆင်းသွားတယ်။ နောက်တစ်ခုက ရုပ်ရှင် အနုပညာနယ်ထဲက လူအတော်များများ တုံးသွား၊ အ သွား၊ ဖန်တီးမှု မဲ့သွားကြတယ်။ ပြောရရင် အရည်အသွေး နိမ့်သွားတာပေါ့ဗျာ။ အဲတော့ တကယ်လည်း ဆင်ဆာက နည်းနည်း လွှတ်ပေးရော ဘာမှ မလုပ်တတ်တော့ဘူး။ ဒါပေမယ့် အခု ပြဿနာကတော့ ဆင်ဆာအဖွဲ့ နည်းနည်း များသွားတယ်လို့ ထင်တယ်။ အနုပညာ ဖန်တီးမှု ဆိုတာ ဘာလဲ နားလည်ပုံ မရဘူး။ တစ်ခုခုဆို နောက်ဆုံး ရဲက ဖမ်းရမယ်တို့ ဘာတို့၊ အဲဒါကရော အပြင်မှာ အဲ အတိုင်းဖြစ်နေလို့လား။

မောင်လှ        - စိတ်လျော့ စိတ်လျော့၊ အဖြစ်မှန်အတိုင်း ရုပ်ရှင်ရိုက်ကြ၊ ၈ လေးလုံးအကြောင်း ရိုက်ပြကြ၊ ၂၀၀၇ သံဃာတွေ အကြောင်း ရိုက်ပြကြ၊ ဒီပဲယင်း အကြောင်း ရိုက်ပြကြ၊ ဦးသန့်အရေးအခင်း အကြောင်း ရိုက်ပြကြ၊ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ရိုက်ပြကြရမှာပေါ့နော။ ငေါ့တာနော။

စည်သူအောင်မြင့်။


comments

There is no comment

Publish reply