Myanmar Platform

“ငြိမ်းချမ်းရေး သရုပ်မှန်” အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၃၄)

စည်သူအောင်မြင့် 2018-05-03 1215

မောင်လှ        - ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်နော်။ ငြိမ်းချမ်းရေးကို လိုလားတယ် ပြောနေကြတယ်၊ ငြိမ်းချမ်းရေးကို အကြီးအကျယ် အကောင်အထည် ဖော်နေကြတယ် လို့ အားလုံးက ပြောနေကြတယ်။ အဲဒီလို ပြောနေကြတဲ့ ကြားထဲမှာပဲ တိုက်ပွဲတွေက ဖြစ်နေတယ်။ ဘာကြောင့်များလဲ။

အောင်ဘ       - ကျွန်တော်ကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကိစ္စ လို့ ပြောလိုက်ရင် အားလုံးကို တပြေးထဲ ပြောလို့ မရဘူးလို့ ထင်တယ်။ အပိုင်းလိုက် ခွဲခြား ကြည့်ချင်တယ်။ ပထမ တစ်ပိုင်းက အပစ်ရပ်ထား၊ NCA စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဖြစ်စဉ်၊ ဒုတိယ တစ်ပိုင်းက ကေအိုင်အေ လို တအဲန်း ပလောင် လို လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ အုပ်စုတွေနဲ့ ဖြစ်စဉ်၊ တတိယ တစ်ပိုင်းကတော့ ၀ အဖွဲ့လို၊ မိုင်းလားလို အင်အားကြီးပေမယ့် တပ်မတော်နဲ့ ပစ်ခတ်တိုက်ခိုက်နေတာ မရှိတဲ့ အဖွဲ့တွေနဲ့ ဖြစ်စဉ် အဲလို ခွဲကြည့်ချင်တယ်။

မောင်လှ        - ဆိုပါဦး။

အောင်ဘ       - NCA စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဖြစ်စဉ်မှာလည်း သိပ်ပြီး အဆင်ပြေလှတာတော့ မဟုတ်ဘူး။ အဲဒီထဲမှာ အကြီးဆုံး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်၊ တပ်မတော်နဲ့ အဆင်အပြေဆုံးလို့လည်း ပြောနေကြတာက KNU ကရင် လက်နက်ကိုင် အဖွဲ့။ ခင်ဗျားသိတဲ့အတိုင်း ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေမှာ အဲဒီဘက်က သဘောမတူပဲ တပ်မတော်က လမ်းသွားဖေါက်တယ်။ ဒီတော့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်၊ ရွာသားတွေလည်း ဟိုပြေးရ၊ ဒီပြေးရ။

မောင်လှ        - အင်းကြားတယ်။

အောင်ဘ       - နောက် ငြိမ်းချမ်းရေး လုပ်နေသူတွေက ပြောတယ်။ ကေအဲန်ယူမှာ တပ်မဟာ (၇) ခု ရှိတယ်။ တပ်မဟာ (၄) ခုမှာ သေနတ်သံ မည်တယ်။ တိုက်ပွဲကြီးတွေတော့ ဖြစ်မနေဘူး။ ဒါပေမယ့် ဒါဟာလည်း မကောင်းတဲ့ ကိစ္စပေါ့ဗျာ။

မောင်လှ        - ဟုတ်ပါတယ်။

အောင်ဘ       - နောက်ထပ် လက်နက်ကိုင် အဖွဲ့ကြီးဖြစ်တဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဘူး။ ရှမ်းလက်နက်ကိုင် အဖွဲ့ဟာ လာမယ့် ပင်လုံညီလာခံမှာ တင်သွင်းနိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကြီး လုပ်ဖို့ ရှိနေတယ်။ ဒါဟာ NCA စာချုပ်ပါ အချက်အရ လုပ်ရတာ။ အဲဒီ ဆွေးနွေးပွဲ အတွက် အောက်ခြေ လူထု တွေ့ဆုံပွဲတွေ လုပ်တယ်။ ခင်ဗျား သိတဲ့အတိုင်း တပ်မတော်ဘက်က အဲလို အောက်ခြေ အဆင့် တွေ့ဆုံပွဲတွေ လုပ်ဖို့ NCA စာချုပ်ထဲမှာ မပါဘူး၊ ဒါကြောင့် ခွင့်မပြုနိုင်ဘူး ဆိုပြီး ပိတ်ပင်တာတွေ လုပ်တယ်၊ အဲတော့ ရှမ်းတပ်ဖွဲ့က နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ ရှေ့မတိုးနိုင် ဖြစ်နေတာ ဒီကနေ့ အထိပဲ။ ဆိုတော့ ပင်လုံညီလာခံ ဆိုတာကိုလည်း ရက်သတ်မှတ်လို့ မရနိုင် ဖြစ်နေတာပေါ့။

မောင်လှ        - အင်း။

အောင်ဘ       - နောက်ဆုံး NCA ထိုးလိုက်တဲ့ မွန်ပြည်သစ်ပါတီ သူလဲ ရှမ်းတပ်ဖွဲ့လို ပြသနာမျိုးကြုံတာ ခင်ဗျား ကြားမှာပေါ့။ အဲဒါတွေ အားလုံးချုပ်လိုက်တော့ ၆ လ တစ်ကြိမ် ကျင်းပမယ် လို့ ဆိုထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံတွေ၊ အခု တစ်နှစ်နီးပါး ရှိလာသည် အထိ မကျင်းပ နိုင်ဘူးပေါ့။ အဲဒီထက် ဆိုးတာက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ယုံကြည်မှုပဲ။ အခုဆို တပ်မတော်နဲ့ အစိုးရဖက် အပေါ် ယုံကြည်မှု ကျဆင်းလာနေတာ မြင်နေရတယ်။ အဲတော့ ငြိမ်းချမ်းရေး အတွက် မကောင်းဘူးပေါ့။

မောင်လှ        - နောက် ကေအိုင်အေ နဲ့ ဖြစ်နေတာတွေကရော။

အောင်ဘ       - အဲဒါက ကျွန်တော် မကြာခဏ ပြောဖူးတယ်။ အစိုးရနဲ့ ကေအိုင်အေ က bilateral ထိုးထားတာ မရှိသေးဘူး။ ပြောရရင် လက်ရှိ တပ်မတော်နဲ့ ပဋိပက္ခ ပြသနာ ဖြစ်လို့ NCA လက်မှတ် မထိုးနိုင်သေးတဲ့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဆိုရင် ဘာပဲပြောပြော အစိုးရနဲ့ နှစ်ဖက် bilateral ထိုးထားတာ ရှိတယ်။ ဒီတော့ နှစ်ဖက် တွေ့လို့ရတယ်၊ ညှိလို့ရတယ်။ ကေအိုင်အေ နဲ့က အဲဒါ မရှိတော့ တိုက်ပွဲဖြစ်လာရင် ဘယ်သူ့ဘယ်သူ အပြစ်ပြောလို့ မရဘူး။ စစ်ပွဲဆိုတာ သူက ကိုယ့်ကို ဒီနေရာ လာတိုက်ရင် ကိုယ်က ဒီနေရာကနေပဲ ခုခံနေမယ် ဆိုတာမျိုး မဟုတ်ဘူး။ အခြား တစ်နေရာ သွားတိုက်ရင်လည်း တိုက်မှာပဲ။ ပြောရခက်တယ်။

မောင်လှ        - ဒါဆို ကေအိုင်အေက NCA မထိုးသေးချင်ရင်တောင် နှစ်ဖက် ပစ်ခတ်မှု မဖြစ်အောင် bilateral ထိုးထားရင် မကောင်းဘူးလား။

အောင်ဘ       - ကေအိုင်အေ က လက်မှတ်ထိုးချင် မထိုးချင် အဲဒါတော့ ကျနော် မသိဘူး။ နောက်တစ်ချက်က အဲလို bilateral ထိုးဖို့ ဆိုတာတောင် အခုနေ ထိုးလို့ ရမရ မသိဘူး။ အကြောင်းက bilateral နှစ်ဖက် သဘောတူညီချက်တွေ လုပ်ကြတာဟာ NCA မပေါ်ခင်တုန်းက လုပ်ကြတာ။ စုစုပေါင်း ၁၄ ခု ရှိတယ်။ အခု NCA ရှိနေပြီဆိုတော့ အပစ်ရပ်ကြဖို့ bilateral လက်မှတ်ထိုးလို့ ရမရ ကျနော် မသိဘူး။ ဆိုတော့ ကေအိုင်အို လို အဖွဲ့မျိုးနဲ့ ဆက်ဆံရေးမှာလည်း ငြိမ်းချမ်းရေး အတွက် ကောင်းမနေဘူး။

မောင်လှ        - ဒါဆို လက်နက်ကိုင် အင်အား အများဆုံး ၀ ၊ မိုင်းလား အဖွဲ့တွေနဲ့ရော။

အောင်ဘ       - ဒီ အဖွဲ့တွေနဲ့ဆို၊ သူတို့နဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ ၁၉၈၉ ခုနှစ်ကနေ စ  တိုက်ပွဲကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့တာ ဒီကနေ့ အချိန်ထိပဲ။ ဆိုတော့ တိုက်ပွဲ မဖြစ်ရုံလောက်နဲ့ကတော့ တိုးတက်မှုလို့ မဆိုနိုင်ဘူး။ သူတို့ကိုလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တရုတ်ဘက်က အကြီး အကျယ် တိုက်တွန်းနေတယ်။ အဲဒါကတော့ ကောင်းတဲ့ အချက်ပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆိုတာက ကိုယ့်ပြည်တွင်းရေး၊ သူများက ဘယ်လောက် တိုက်တွန်း တိုက်တွန်း ကိုယ့်အချင်းချင်း ငြိမ်းချမ်းရေးရဖို့ အားသွန်ခွန်စိုက် မကြိုးစားရင်၊ နည်းမှန် လမ်းမှန် မချဉ်းကပ်ရင် ဖြစ်လာဖို့ အကြောင်းမရှိဘူး။

မောင်လှ        - ခင်ဗျားနဲ့ စကားပြောရတာ အားတက်စရာ မရှိဘူး။

အောင်ဘ       - ကျွန်တော်က အားတက်ဖို့၊ အားကျဖို့ ပြောတာမှ မဟုတ်တာ။ အဖြစ်မှန်ကို ပြောပြတာ။ အဖြစ်မှန်ကို လက်ခံမှ ရှေ့ ဘာဆက်လုပ်ကြမလဲ ဆိုတာ အဖြေပေါ်မှာ မဟုတ်လားဗျာ။

မောင်လှ        - အင်း၊ ဒါလည်း လက်ခံရမှာပဲ။



comments

There is no comment

Publish reply