Myanmar Platform

“ စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ။ R2P လာလဲ တို့မမှုပါ

Si Thu Aung Myint 2018-03-08 2265

မောင်လှ        - ခုတလော R2P အကြောင်း အတော်လေးပြောကြတယ်နော်။ ခင်ဗျား ရှင်းပြတာလေးလည်း နားထောင်ချင်တယ်။

အောင်ဘ       - R2P ဆိုတာ Responsibility to Protect ကို အတိုကောက် ပြောတာ။ နိုင်ငံတစ်နိုင်ငံမှာ အစိုးရဟာ နေထိုင်သူတွေကို မကာကွယ်နိုင်ဘူး၊ လူတွေအမြောက်အများ ဒုက္ခရောက်တယ်၊ သေဆုံးစေတယ်ဆိုရင် နိုင်ငံတကာက အဲဒီနိုင်ငံကို ဝင်ရောက်စွက်ဖက်နိုင်တာကို ဆိုလိုတာ။ အခု မြန်မာနိုင်ငံမှာ အဲဒီအကြောင်း စနစ်တကျရှင်းပြခဲ့သူက ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက အစိုးရပိုင် MRTV ကထုတ်လွှင့်တဲ့ Sunday talk အစီအစဉ်ကနေ သေချာရှင်းပြခဲ့တာ။

မောင်လှ        - အခု အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ငြင်းခုံနေကြတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့မှာ အရေးပါ ပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး ခေါ် မှူးဇော်ကလည်း ဒီအကြောင်း အတော်လေးပြောထားတာ တွေ့မိလို့။

အောင်ဘ       - ဒီကိစ္စ လွယ်လွယ်ပြောရရင်  အကြောင်းကိစ္စတစ်ခုကို အရင်းခံပြီး ပြည်ပကနေ ကိုယ့်နယ်မြေထဲဝင်ပြီး ကျူးကျော်ဝင်ရောက်တဲ့ကိစ္စ။ ဆိုတော့ ဒါကောင်းတဲ့ကိစ္စ မဟုတ်ဘူးဆိုတာကတော့ ရှင်းရှင်းလေး။

မောင်လှ        - အခု တစ်ချို့ပြောနေကြတာက အဲလို လာကျူးကျော်လာတာကို ကြိုက်သလိုလို ပြောနေတဲ့သူရှိတယ်။ နောက် တစ်ချို့ကလည်း ဒါမျိုး လာလုပ်လို့ ဘယ်ရမလဲ၊ ဘယ်ခွင့်ပြုမလဲ အစရှိသဖြင့် ပြောနေတာတွေလည်း တွေ့နေရလို့ ခင်ဗျားကိုမေးတာ။ အထူးသဖြင့် facebook ပေါ့။

အောင်ဘ       - အဲဒီတော့ ကွန်တော်ပြောမယ်။ ဒါ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ကိုယ့်အချုပ်အခြာအာဏာ ထိပါးခံရတဲ့ကိစ္စ။ ဟုတ်တယ်။ ပြည်ပမှာနေပြီး ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့သူတစ်ချို့နဲ့ အကြမ်းဖက်သမားတွေက အခု R2P ကိစ္စ ပြောကြတယ်။ သူတို့ကတော့ရှင်းတယ်။ တိုင်းပြည်ဘာဖြစ်ဖြစ်ဆိုတဲ့သဘောမျိုး ထားနေကြသူတွေ။ အဲ သူတို့နောက် သံယောင်လိုက် ပြောနေကြသူတွေကတော့ အသိဥာဏ်နည်းပါးသူတွေ။

မောင်လှ        - ဟုတ်ပြီ။ ဒါဆို R2P ကို လက်မခံဘူး။ ဒါက နိုင်ငံခြားတိုင်းပြည်တစ်ချို့က ကျွန်တော်တို့တိုင်းပြည်ကို ကျူးကျော်ဖို့ လုပ်ကြံဖန် တီးနေတာ၊ ဒါကြောင့် လာခဲ့ရင် ပြတ်ပြတ်သားသားချမယ်ဆိုပြီး ပြောနေကြတဲ့သူတွေကရော၊ သူတို့ကရော မှန်သလား။

အောင်ဘ       - အဲဒီမေးခွန်းမဖြေခင် အရင်ခေတ်တုန်းက ပြဿနာကြီးတစ်ခု ပြန်ပြောပြမယ်။ ၁၉၈၈မှာ ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုကရေစီ တောင်းဆိုကြတယ်။ ဒါကို စစ်အာဏာရှင်တွေက အာဏာသိမ်းတဲ့နည်းနဲ့ တုန့်ပြန်တယ်။ နောက်ပိုင်း ကိုယ့်အချင်းချင်း ပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်တယ်၊ ရက်စက်တယ်။ ဒီမိုကရေစီအခွင့်ရေးတွေ ပိတ်ပင်တယ်။ ၁၉၉၀ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲရလဒ်ကို မြောင်းထဲလွှင့်ပစ်တယ်။ အဲဒီလို အခြေအနေအောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ ရည်ရွယ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်အုပ်စုနိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးအရ အရေးယူပိတ်ဆို့တယ်၊ စစ်အာဏာရှင်အုပ်စုထဲက ခေါင်းဆောင်တွေကို တစ်ယောက်ချင်း အရေးယူ ဒဏ်ခတ် ပိတ်ဆို့တာ လုပ်တယ်။ အဲဒီအချိန် ဘယ်သူတွေ ဘယ်လိုသဘောထားရှိခဲ့ကြသလဲ၊ မှတ်မိသလား။

မောင်လှ        - ဟဲဟဲ၊ စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါဆိုပြီး တုန့်ပြန်ခဲ့ကြတယ်လေ။ ဟဲဟဲ။

အောင်ဘ       - မှန်တယ်။ အာဏာရှင်အသိုင်းအဝိုင်းနဲ့ လူတစ်ချို့ဟာ တိုင်းပြည်ဘာဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အောက်တန်းကျကျ စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ နှစ်ပေါင်းများစွာလုပ်ခဲ့ကြတယ်။ တိုင်းပြည်ကို ကောင်းအောင်လုပ်ရင် ဆန်ရှင်ပြန်ရုပ်သိမ်းသွားနိုင်တာသိပေမယ့် လုံးဝမလုပ်ခဲ့ကြဘူး။ နိဂုံးချုပ်လိုက်တော့ အဲဒီအာဏာရှင် အသိုင်းအဝိုင်းပဲ ချမ်းသာကြွယ်ဝ၊ သူတို့သားသမီးတွေပဲ ပညာတတ်၊ ချမ်းသာကြွယ်ဝ၊ တိုင်းပြည်နဲ့ ပြည်သူလူထုကတော့ အားလုံး စုတ်ပြတ်သတ်သွားကုန်တယ် မှတ်မိလား။

မောင်လှ        - မှတ်မိပါ့။

အောင်ဘ       - အဲ အခုလည်း တစ်ချို့တွေက လေသံပစ်ပြန်ပြီ။ R2P ဆိုတာ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို တစ်ဖက်သတ် မတရားလုပ်နေတာ။ လုပ်ကြံဖန်တီးနေတာ။ ဒါကြောင့် R2P ဆိုတာ တို့မမှုပါဆိုတဲ့ လေသံမျိုး။ မတူဘူးလား။ အရင်တုန်းကနဲ့။

မောင်လှ        - အေး တူသလိုလိုပဲ။

အောင်ဘ       - တကယ်ဖြစ်သင့်တာက R2P ကိစ္စ ဘာလို့ စကားပြောရတဲ့အခြေအနေ ဖြစ်လာသလဲ။ မြန်မာ့တပ်မတော်ခေါင်းဆောင်တစ်ချို့ ဘာလို့ ပစ်မှတ်ထား ပိတ်ဆို့တာခံရသလဲ။ အဲဒီလို ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို တစ်ဆင့်ချင်းတစ်ဆင့် စဉ်းစား အဖြေရှာမှ ပြဿနာပြေလည်အောင် ဘာတွေလုပ်ရမလဲဆိုတာ အဖြေပေါ်လာလိမ့်မယ်။ ကိုယ့်အချုပ်အခြာအာဏာကို လေသံနဲ့တောင် မထိပါးနိုင်အောင် လုပ်ကြရလိမ့်မယ်။

မောင်လှ        - အင်း မှန်တယ်။ မှန်တယ်။

အောင်ဘ       - အရင် စစ်အာဏာရှင်တွေဟာ အမျှော်အမြင်ဉာဏ် အလွန်မဲ့ခဲ့လို့၊ ကိုယ်ကျိုးကိုပဲ ကြည့်ပြီး တိုင်းပြည်နဲ့ ကိုယ့်ပြည်သူကို မငဲ့ခဲ့လို့ စီးပွားရေး ပိတ်ဆို့ခံရတယ်ဆိုတဲ့ ပြဿနာကြီး ပေါ်ခဲ့တယ်။ ဟော ခုတော့လည်း ခေတ်သစ် စစ်အာဏာရှင် နောက်လိုက်လူတစ်ချို့ အမျှော်အမြင်မဲ့လို့၊ လုပ်တာကိုင်တာ မကောင်းလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြဿနာ အကြီးကြီးတက်၊ မွတ်စလင် သန်းတစ်ဝက်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး၊ နိုင်ငံတကာရဲ့ ဝေဖန်ကဲ့ရဲ့ ပြစ်တင်ရှုတ်ချတာ ခံရ၊ တပ်မတော်ခေါင်းဆောင်တွေ အရေးယူပိတ်ဆို့တာ ခံရ၊ ကမ္ဘာ့အလည်မှာ မျက်နှာငယ်ရ၊ ဒီချိန်ထိ အဖြေမှန်ရှာဖို့ စိတ်မကူးသေးဘူး။ R2P လာလဲ သောက်ဂရုမစိုက်ပါ လုပ်နေတုန်း။ ဆိုတော့-

မောင်လှ        - အရင်ခေတ်ဆိုးတုန်းကလို ပြန်ပြန်ဖြစ်သွားတယ်ဆိုပြီး ဝေဖန်နေကြတာတွေ မှန်သလိုလို ရှိနေတာပေါ့ဗျာ။

စည်သူအောင်မြင့်။

comments

There is no comment

Publish reply