Myanmar Platform

မုဒိန်းမှုပြဿနာ ဘယ်လို အဖြေရှာမလဲ အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၂၅)

Si Thu Aung Myint 2018-03-01 2020

မောင်လှ        - သတင်းတွေ ဖတ်လိုက်ရင်၊ မုဒိန်းမှုဖြစ်တယ်ဆိုတာ နေ့တိုင်းလိုလို တွေ့နေရတယ်။ နောက် သက်ငယ် မုဒိန်းတွေလည်း အတော်များတယ်။ တချို့ဆို စကားတောင် ကောင်းကောင်းပြောတတ်ပုံ မရတဲ့ တကယ့် ကလေးလေးတွေ ပြုကျင့်ခံရတယ်။ အတော်လေး ရက်စက်တဲ့ မှုခင်းတွေနော။

အောင်ဘ       - အေးလေ၊ အဲဒါကြောင့်လည်း ခုဆို ပြည်သူတွေက လူသတ်မုဒိန်းကျင့်သူတွေ၊ အရွယ်မရောက်သေးသူတွေကို မုဒိန်းကျင့်သူတွေကို သေဒဏ်ပေးရေး လှုပ်ရှားမှုလုပ်နေတာပေါ့။

မောင်လှ        - အဲဒီလို ဥပဒေပြဋ္ဌါန်းရင်ရော ပြဿနာတွေ ပြီးသွားမှာလား၊ မှုခင်းတွေ လျော့ကျသွားမှာလား။ ဒါနဲ့ နေပါဦး။ ကျွန်တော်တို့က သတင်းတွေမှာ မုဒိန်းမှုတွေကို ဖတ်မိနေလို့သာ မုဒိန်းမှုတွေ များလာတယ် ပြောနေတာ။ တကယ်ရော များလာသလား။ ခင်ဗျားက ကိန်းဂဏန်းသမား ဆိုတော့ ပြောပါဦး။

အောင်ဘ       - ပြည်ထဲရေးရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံတစ်ဝန်း၂၀၁၆ ခုနှစ်မှာ မုဒိန်းမှု ၁၁၀၀ ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၄၀၅ မှုဖြစ်တယ်။ ဒါဟာ တစ်နှစ် အတွင်း ၁၃ ရာခိုင်နှုန်းလောက် တိုးလာတဲ့ သဘောပေါ့။

မောင်လှ        - ကျွန်တော် ဖတ်မိသလောက် ရဲတွေရဲ့ ပြောကြားချက်ကတော့ အရင်တုန်းကဆို အသက် ၁၄ နှစ်အောက်ငယ်တဲ့ မိန်းကလေးတွေနဲ့ လိင်ဆက်ဆံရင် ကာယကံရှင် သဘောတူတူ မတူတူ ဒါ မုဒိန်းမှုမြောက်တယ်။ နောက်တော့ ဥပဒေမှာ အသက် ၁၆ နှစ်အောက်လို့ ပြောင်းလိုက်တယ်။ အဲဒီ ဥပဒေ ပြင်ဆင်ချက်ကြောင့် မုဒိန်းမှုမှာ အရည်အတွက် တချို့ ပိုလာတယ် လို့ ဆိုတယ်။ ဥပမာ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်က နားမလည်ပဲနဲ့ မိန်းမ ခိုးပြေးသွားတယ်။ နောက်တော့မှ သူခိုးပြေးသွားတဲ့ မိန်းမက ၁၆ နှစ် မပြည့်သေးဘူး ဖြစ်နေတယ်။ ဆိုတော့ သူလည်း မုဒိန်းမှုနဲ့ တရားစွဲခံရတယ် ဆိုတဲ့ သဘောမျိုး ပြောကြတယ်။

အောင်ဘ       - အဲဒါ မမှန်ဘူး။ ဘာကြောင့်ဆို အဲဒီ ဥပဒေ ပြင်ဆင်ပြဋ္ဌါန်းလိုက်တာ ၂၀၁၆ ဇန်နဝါရီ။ ဆိုတော့ ၂၀၁၅ မုဒိန်းမှုအရည်အတွက်နဲ့ ၂၀၁၆ ခုနှစ် အရည်အတွက် နှိုင်းယှဉ်ရင်တော့ အဲဒီ အချက် ဆိုင်တယ်။ ခုနက ကျွန်တော်ပြောတာက ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် နှိုင်းယှဉ်ထားတာမို့ နှစ် နှစ်စလုံး အဲဒီ ဥပဒေ အကျုံးဝင်ပြီးသား အချိန်ဖြစ်နေတယ်။ ဆိုတော့ အဲဒီ ဥပဒေကြောင့် မုဒိန်းမှုတိုးလာတာ မဟုတ်ဘူး။ တကယ့်ကို မုဒိန်းမှုများကို များလာတာ။

မောင်လှ        - အော်။

အောင်ဘ       - ပြည်ထဲရေးက ထုတ်ပြန်တဲ့ စာရင်းကို အဓိပ္ပါယ် ပြန်ရရင် မြန်မာနိုင်ငံမှာ တစ်ရက်ကို မိန်းကလေး ၄ ယောက်နှုန်း မုဒိန်းကျင့် ခံနေရပြီး မုဒိန်းမှု ၃ မှုမှာ ၂ မှုဟာ ၁၆ နှစ် မပြည့်သေးတဲ့ ကလေးနဲ့ မိန်းကလေးငယ်တွေ ဖြစ်နေတယ်။ ကဲ. . .အဲဒါ အတော်လေးကို အကျည်းတန် အရုပ်ဆိုးစေတယ်လို့ မထင်ဘူးလား။

မောင်လှ        -  မှန်ပါတယ်။ ဒါဆို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ။ ပြည်ထဲရေး ဝန်ကြီးဋ္ဌါနကလည်း သူတို့ ဋ္ဌါန အမြင် တွေ့ရှိချက်တွေကို တလောလေးကပဲ ထုတ်ပြန်ထားတော့ သူတို့ ပြောသလို လုပ်ရင် မုဒိန်းမှုတွေ လျော့ကျသွားမလား။

အောင်ဘ       - ပထမ တစ်ချက် ကျွန်တော်စဉ်းစားမိတာ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်ဟာ စနစ်တကျ သုတေသန လုပ်ထားတာမျိုး မဟုတ်ဘူး။ အလွန်ဆုံး သူတို့က ပြစ်မှုကျူးလွန်သူတွေရဲ့ ပြောဆိုချက်တွေကိုပဲ စုစည်းထားတာမျိုးပဲ။ အဲဒီ ပြစ်မှုကျူးလွန်တဲ့ သကောင့်သား မုဒိန်းသမားတွေကလည်း သူ အပြစ်မရှိကြောင်း၊ လျောက်ပြောမှာပဲ။ မိန်းကလေးတွေကပဲ လျှပ်ပေါ်လော်လီလို့ ခုလို မှုခင်းတွေ ဖြစ်ရသလိုလို၊ လျောက်ပြောမှာပဲ။

မောင်လှ        - ဒါဆို ဘယ်ဟာက အမှန်ဖြစ်မလဲ၊ ဘာတွေ လုပ်ကြရမလဲ။

အောင်ဘ       - ပထမ တစ်ချက်ကတော့ အခြားနိုင်ငံတွေမှာလို ဒီ ပြဿနာနဲ့ ပတ်သက်ပြီး စနစ်တကျ သုတေသန လုပ်ရမယ်။ ဒါ သိပ်အခက်ကြီးတော့ မဟုတ်ဘူး။ အမှုပေါင်း ၁၄၀၀ ကျော်ဆိုတော့ သေချာ လုပ်လို့ ရနိုင်ပါတယ်။ နောက် အဲဒီက ရလာဒ်တွေ ရလာမှ ဘယ်လို ကာကွယ်မှုတွေ၊ ဘယ်လို ပညာပေးမှုတွေ လုပ်ရမလဲ ပိုပြီး တိတိကျကျ သိနိုင်လိမ့်မယ်။

မောင်လှ        - ခင်ဗျား အမြင် ဘာတွေ လုပ်ဖို့ လိုမလဲ။

အောင်ဘ       - အဓိကကတော့ ဒီလို မှုခင်းမျိုး ဖြစ်မလာအောင် ကလေးတွေ၊ လူငယ်တွေ၊ သူတို့ရဲ့ မိဘတွေကို ပညာပေးတာမျိုး ထိထိရောက်ရောက် လုပ်ရမယ်။ စကားမစပ် ကျွန်တော်အိန္ဒိယ ဘောလိဝုဒ် က နာမည်ကြီး သရုပ်ဆောင် အမရာခန်းရဲ့ အဲဒီလို ကိစ္စ ပညာပေး ဗီဒီယို ကလစ်လေး ကြည့်ဖူးတယ်။ ကလေးတွေနဲ့ သူနဲ့ အမေးအဖြေ လုပ်ပြီး တင်ဆက်ထားတာ။ ပညာပေး တင်ဆက်ပုံလည်း ကောင်းတယ်၊ နောက် အမရာခန်းကလည်း တကယ့် စူပါစတား သရုပ်ဆောင် ဆိုတော့ အဲဒီလို ပညာပေးမှုမျိုး ထိရောက်မယ်လို့ ထင်တယ်။

မောင်လှ        - ဟုတ်မယ်။ မြန်မာပြည်မှာဆိုရင်လည်း နာမည်ကြီး အနုပညာတွေပါ ပါဝင်ပြီး လုပ်ရင် ထိရောက်မှာပဲနော်။

အောင်ဘ       - မှန်တယ်။ အခု ကျွန်တော်တို့ နိုင်ငံမှာ မုဒိန်းမှုတွေ၊ အထူးသဖြင့် သက်ငယ်မုဒိန်းမှုတွေ များလာတာ ကျနော်တို့ တိုင်းသူပြည်သား အားလုံးအတွက် အရှက်ရစရာလို့ ခံယူရမယ်။ ကိုယ်နဲ့ မဆိုင်သလို သဘောမထားသင့်ဘူး။ အဲဒီလိုဆို အနုပညာသည်တွေတင်မက ဝန်ကြီးဋ္ဌါနတွေ၊ နိုင်ငံရေးသမားတွေလည်း ဒီအထဲ ဝင်ပါလာကြမှာပဲ။ အဲဒါက ပညာပေး။

မောင်လှ        - နောက်ထပ် ဘာလိုဦးမလဲ။

အောင်ဘ       - အမျိုးသားတွေဘက်ကလည်း မကျူးလွန်အောင်၊ ကျူးလွန်စိတ် ပေါ်လာရင်တောင် မလုပ်ရဲအောင် ပညာပေးတာတွေ အများကြီး လုပ်ရမယ်။ အဲဒီလို လုပ်ခဲ့တဲ့လူတွေ နောက်ပိုင်း ဘာဖြစ်သွားသလဲ၊ ဘယ်လို ဘဝဆုံးသွားသလဲ၊ စသဖြင့် အများကြီး ပညာပေးရမယ်။ နောက် အခု လုပ်နေတဲ့ မုဒိန်းမှုကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးရေး ဆိုတာလည်း ပါတာပေါ့။

မောင်လှ        - အဲလိုဆို မှုခင်းတွေ လျော့သွားမလား။

အောင်ဘ       - တကယ့်အရေးကြီးတာ တစ်ခုရှိတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ နိုင်ငံ၊ လူများစုဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ အခု လူတစ်ချို့ဟာ အလွန်ရိုင်းစိုင်း ယုတ်ညံ့တဲ့ မုဒိန်းလူသတ်၊ သက်ငယ် မုဒိန်းတွေ ကျူးလွန်ကြတယ်။ အဲဒါတွေဟာ မကောင်းဘူး၊ ဆိုးတယ်၊ မကျူးလွန်ကြဖို့ ဆရာတော် သံဃာတော်တွေက ဆုံးမ ပဲ့ပြင် တရားဟောဖို့ လိုတယ်။ ဆရာတော်တွေ သံဃာတော်တွေကိုယ်တိုင် ဒီကိစ္စ လေးနက်ကြဖို့ လိုတယ်။ အဲဒီလို လေးနက်ရင် ဒီ မုဒိန်းမှုလျော့နည်းကျဆင်းအောင် ကြိုးစားကြမှာပဲ မဟုတ်လား။ အဲဒီလို လုပ်နိုင်ရင် အများကြီး ထိရောက်လိမ့်မယ်။

မောင်လှ        - မှန်ပါတယ်။ အခြား အင်တာနက်ကနေ ညစ်ညမ်း ဗီဒီယိုတွေ ရနေတဲ့ ကိစ္စ၊ ဖုန်းတွေနဲ့ လွယ်လွယ်ကူကူ ကြည့်လို့ရနေတဲ့ ကိစ္စ မျိုးကရော။

အောင်ဘ       - ဒါက နိုင်ငံတကာမှာလည်း ဖြစ်နေတဲ့ကိစ္စ။ ဒါကိုလည်း သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်တတ်ဖို့ လိုတယ်။ အဲဒီလို ပြဿနာရှိလို့ ဆိုပြီး အင်တာနက်ကို ကန့်သတ်တာတို့ ဘာတို့ အခြား လွတ်လပ်ခွင့်တွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်ရာရောက်မှာမျိုးကိုတော့ လုပ်ဖို့ မသင့်ဘူး။ တားမြစ်လို့လည်း မရနိုင်လောက်ဘူး။ အကောင်းဆုံးကတော့ ကောင်းမှုကို ကောင်းမှု၊ မကောင်းမှုကို မကောင်းမှုဆိုပြီး သိလာအောင် ပညာပေးရမယ်၊ စည်းရုံးရမယ်။ နောက် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ် ကောင်းအောင် တည်ဆောက်ရမယ်၊ အဲဒီလို နည်းနဲ့မှ ရမယ်လို့ ထင်ပါတယ်ဗျား။


comments

There is no comment

Publish reply